Thursday, March 20, 2014

Forex Trading ငွေကြေးအရောင်း/ဝယ် ကိုစတင်လေ့လာရန်သင်ခန်းစာများအတွက် (မူလတန်း)

မူလတန်း သင်တန်းကျောင်း

    မူလတန်း သင်္ခန်းစာများအနေနဲ့ လဲလှယ်နှုန်း အတက်အကျကို ခန့်မှန်းတဲ့ အခြေခံတိုင်းထွာနည်းစနစ်များကို လေ့လာသွားမှာ ဖြစ်ပါတယ်။
- အောက်ခြေအထောက်အပံ့  နဲ့ အပေါ်အတားအဆီးများ
အား လေ့လာခြင်း
- ဂျပန် ဖရောင်းတိုင်များအား လေ့လာခြင်း
- ရွေ့လျှားမှုများရဲ့ ပျမ်းမျှများအား လေ့လာခြင်း
- အသုံးများသော သာမာန် တိုင်းထွာနည်းစနစ်များ

- အောက်ခြေအထောက်အပံ့နဲ့ အပေါ်အတားအဆီးများအား လေ့လာခြင်း

    အောက်ခြေအထောက်အပံ့နဲ့ အပေါ်အတားအဆီးများကို ငွေကြေးရောင်းဝယ်ရာမှာ ကုန်သည်တိုင်း အသုံးပြုကြပါတယ်၊ ဒါပေမယ့် တွက်ချက်ပုံ၊ ယူဆပုံ နည်းလမ်းများစွာရှိပြီး တဦးနဲ့တဦး တူချင်မှတူပါလိမ့်မယ်။
    အောက်ပုံမှာ မြင်ရတဲ့အတိုင်း အထောက်အပံ့တွေနဲ့ အတားအဆီးတွေဟာ အဆင့်ဆင့်ရှိပါတယ်။
    အထောက်အပံ့နဲ့ အတားအဆီး တို့ရဲ့ အခြေခံသဘောတရားတွေကို လေ့လာကြည့်ရအောင်.....

Picture



လွှသွားလေးတွေ လိုဘဲနော်........

Resistance = အပေါ်အတားအဆီး
Support = အောက်ခြေ အထောက်အပံ့
    ငွေလဲလှယ်နှုန်းဟာ အပေါ်အတားအဆီးရောက်ရင် ပြန်ကျပြီး အောက်ခြေအထောက်အပံ့ ရောက်ရင် ပြန်တက်သွားတာကို တွေ့ရပါလိမ့်မယ်။
    ဒီပုံမှာတော့ အပေါ်အတားအဆီးတွေကို နှိုင်းယှဉ်ကြည့်လိုက်ရင် တခုထက်တခု ပိုပြီးမြင့်တက်သွားတာတွေ့ရသလို အောက်ခြေ အထောက်အပံ့   တွေကို ကြည့်လိုက်ရင်လဲ အလားတူတခုထက်တခုပိုပြီး မြင့်တက်သွားတာ တွေ့ရမှာပါ။
    ဒီလိုပုံစံမျိုးကို အတက်ဈေးကွက် (သို့) ကျွဲမားကက် Bull Market လို့ ခေါ်ပြီး သူနဲ့ ဆန့်ကျင်ဘက် အပေါ်အတားအဆီးတွေ နဲ့ အောက်ခြေအထောက်အပံ့တွေဟာ တခုထက်တခုပိုပြီး အောက်ကိုနိမ့်ကျသွားမယ် ဆိုရင်တော့ အကျဈေးကွက် (သို့) ဝက်ဝံမားကက် Bear Market လို့ ခေါ်လေ့ရှိပါတယ်။
Bull = အတက်
Bear = အကျ


၁) အပေါ်အတားအဆီး နှင့် အောက်ခြေအထောက်အပံ့ တန်ဘိုးများကို ရှာဖွေခြင်း
    
    သင်သိထားသင့်တာ တခုကတော့ ဒီတန်ဘိုးတွေကို အကြမ်းဖျင်းသတ်မှတ်နိုင်ပေမယ့် တိတိကျကျ ဂဏန်းတန်ဘိုးအနေနဲ့ တွက်ချက်နိုင်ဘို့ မလွယ်ဘူးဆိုတာပါဘဲ၊ ဘာလို့လဲဆိုတော့ အဲဒီတန်ဘိုးတွေအနီးတဝိုက်မှာ ရောင်းသူ၊ဝယ်သူ တွေဟာ မိမိအယူအဆနဲ့ ရောင်း၊ဝယ်ပြီး လွန်ဆွဲနေ ကြလို့ပါပဲ။
    အောက်ပါဖရောင်းတိုင်ချတ် မှာဆိုရင် အောက်ခြေအတားအဆီးတခုရဲ့ လဲလှယ်နှုန်းတဝိုက်မှာ ဒီလိုလွန်ဆွဲနေကြတာတွေကို ဖရောင်းတိုင်ရဲ့ မီးဇာများ Shadowsအနေနဲ့ သင်တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Picture


အော်...... ဒီကုန်သည်တွေကလဲ လွန်ဆွဲ ဝါသနာပါတာပါဘဲလား.........
ငါတို့ဆီမှာ မိုးခေါင်ချိန်ကျရင် ဒင်းတို့ကို ခေါ်လိုက်ရအောင်.........

    ဒါကြောင့်မို့ ဒီပုံမှာ သင့်အနေနဲ့ အောက်ခြေအတားအဆီးတန်ဘိုးကို အတိအကျတွက်ချက်ပြီး ဖေါ်ပြထားတဲ့အတိုင်း မျဉ်းတကြောင်းအနေနဲ့ သတ်မှတ်ထားခဲ့မယ်ဆိုရင် လဲလှယ်နှုန်းက ဒီမျဉ်းကြောင်းအောက်ကို ရောက်သွားတာနဲ့ ဒီ အတားအဆီးကို ကျော်ပြီး သူ့အောက်က နောက်အတားအဆီးတခုဆီကို ဆက်ကျသွားတော့မယ်လို့ ထင်မှတ်မှားနိုင်ပါတယ်။
    ဒါပေမယ့် ပုံမှာမြင်ရတဲ့အတိုင်း လဲလှယ်နှုန်းဟာ အဲဒီအတားအဆီးတဝိုက်မှာ လွန်ဆွဲပြီး အပေါ်ကိုပြန်တက်သွားတာပါ၊ အဲဒါကြောင့် အတားအဆီး (သို့) အထောက်အပံ့ တန်ဘိုးများကို ဧရိယာ Zones များအနေနဲ့ တွက်ချက်သတ်မှတ်ပါလို့ အကြံပြုပါရစေ။
    အောက်ပုံကတော့ အဲဒီတန်ဖိုးများကို ဧရိယာအနေနဲ့ တွက်ချက်ပြီး ဖေါ်ပြထားတဲ့ နမူနာတခုဖြစ်ပါတယ်။

 Resistance Zones = အပေါ်အတားအဆီး ဧရိယာ
 Support Zones = အောက်ခြေအထောက်အပံ့ ဧရိယာ

Picture



အော်....... မီးဇာတွေရဲ့ လှည်းစားမှု မခံရအောင်ပေါ့နော်......

၂) အတားအဆီးနဲ့ အထောက်အပံ့တို့ရဲ့ စိတ်ဝင်စားစရာကောင်းသော သဘာဝ
    
    စိတ်ဝင်စားစရာကောင်းတာတခုကတော့ လဲလှယ်နှုန်းတခုဟာ အပေါ်အတားအဆီးတခုကို တကယ် ကျော်ဖြတ်ပြီး အပေါ်ကို တက်သွားနိုင်ပြီဆိုရင် အဲဒီကျော်ဖြတ်ခံလိုက်ရတဲ့ အတားအဆီးဟာ နောင်တချိန်မှာ အောက်ခြေအထောက်အပံ့ အဖြစ် ပြောင်းလဲသွားလေ့ရှိတာပါပဲ။
    အလားတူဘဲ လဲလှယ်နှုန်းတခုဟာ အောက်ခြေအထောက်အပံ့တခုကို တကယ်ကျော်ဖြတ်ပြီး အောက်ကိုဆင်းသွားနိုင်ပြီဆိုရင်လဲ အဲဒီကျော်ဖြတ်ခံလိုက်ရတဲ့ အထောက်အပံ့ဟာ   နောင်တချိန်မှာ အပေါ်အတားအဆီးတခုအဖြစ် မကြာခဏပြောင်းလဲလေ့ရှိတာကို   တွေ့ရှိရပါတယ်။
    နောက်တခုကတော့ လဲလှယ်နှုန်းတခုဟာ အပေါ်အတားအဆီး/အောက်ခြေအထောက်အပံ့ တခုခုကို အကြိမ်အတော်များများ ကြိုးစားပေမယ့် မဖြတ်သန်းနိုင်ခဲ့ဘူးဆိုရင်တော့ ကြိုးစားပေမယ့် မဖြတ်သန်းနိုင်တဲ့ အကြိမ်များလေလေ အဲဒီ အတားအဆီး/အထောက်အပံ့ဟာ ပိုပြီးစိတ်ချရတဲ့ ခိုင်မာတဲ့ အတားအဆီး/အထောက်အပံ့ Strong Resistance/Support (သို့) အဓိက အတားအဆီး/အထောက်အပံ့ Major Resistance/Support အဖြစ် သင် သတ်မှတ်နိုင်လေလေပါပဲ။
    အတားအဆီး/အထောက်အပံ့တခုကို ကျော်ဖြတ်သွားနိုင်တဲ့ လဲလှယ်နှုန်းတခုရဲ့ အင်အားကိုလဲ သူကျော်ဖြတ်ခဲ့တဲ့ အတားအဆီး/အထောက်အပံ့ရဲ့ ခိုင်မာမှုအင်အားကိုမူတည်ပြီး ခန့်မှန်းနိုင်ပါသေးတယ်။

Strong Support = ခိုင်မာတဲ့ အထောက်အပံ့
Major Resistance = အဓိက အတားအဆီး

Picture


စိတ်ဝင်စားစရာ ပါလားဟ......
ဒါဆို အတက်အကျ ခန့်မှန်းဘို့ ပိုလွယ်သွားတာပေါ့.........
 
 
 
 
 
အောက်ဖော်ပြပါ  ကိုဗွီနိုင် ဘလော့(ဂ်)မှ ကူးယူဖော်ပြပါသည်။
http://myanmarforextradingeducation.com 

Forex Trading ငွေကြေးအရောင်း/ဝယ် ကိုစတင်လေ့လာရန်သင်ခန်းစာများအတွက် (သူငယ်တန်း)

သူငယ်တန်းကျောင်း သင်ခန်းစာများ

Congratulations! သင်ဟာ မူကြိုသင်တန်းကျောင်းမှာ ရှင်းလင်းပြထားတဲ့ နိုင်ငံတကာ ငွေကြေးရောင်းဝယ်ရာမှာ သိသင့်တဲ့ အခြေခံများကို သိနားလည်သွားပြီလို့ ယုံကြည်ပါတယ်။
သူငယ်တန်းကျောင်းမှာတော့ အောက်ပါသင်ခန်းစာများ ပါဝင်ပါတယ်။

- နိုင်ငံတကာ ငွေကြေးရောင်းဝယ်မှုတွင် ဖြစ်နိုင်ခြေ ငွေကြေး အတက်အကျများအား လေ့လာခြင်း

- ငွေကြေးလဲလှယ်နှုန်း အတက်အကျ ချတ် Charts အမျိုးအစားများ



- နိုင်ငံတကာ ငွေကြေးရောင်းဝယ်မှုတွင် ဖြစ်နိုင်ခြေ ငွေကြေး အတက်အကျများအား လေ့လာခြင်း    

    သင့်ဟာ အခု ဆုံးဖြတ်ချက်တခု ချရမယ့် အချိန်ရောက်လာပြီ ဖြစ်ပါတယ်။
    ကုန်သွယ်မှု သဘောတရား အရ အကျိုးအမြတ် ပိုရှိနိုင်တဲ့လုပ်ငန်းအတွက် ပိုပြီးစွန့်စားရတာကလဲ သဘာဝပါ၊ ကုန်သည် လုပ်ငန်းဟာ သင့်ရဲ့စိတ်နေသဘာဝနဲ့ မကိုက်ညီဘူးဆိုရင်တော့ ဒီနေရာမှာ ဆုံးဖြတ်ပြီး လေ့လာမှုကို ရပ်လိုက်နိုင်ပါတယ်။

    ငွေကြေးလဲလှယ်မှုနှုန်း အတက်အကျကို ရှုထောင့် ၃ မျိုးကနေပြီး လေ့လာကြပါတယ်၊ အဲဒါတွေကတော့......
    ၁) Fundamental Analysis သက်ဆိုင်ရာ နိုင်ငံနဲ့ သူ့ရဲ့အဓိက ကုန်သွယ်ဖက်နိုင်ငံများအား လေ့လာခြင်း
    ၂) Technical Analysis လူတွေရဲ့ အကျင့်စရိုက်များနဲ့ သင်္ချာပညာရပ်များ ပေါင်းစပ်ပြီး တိုင်းထွာလေ့လာခြင်းနဲ့
    ၃) Sentimental Analysis ရောင်းဝယ်နေကြတဲ့ သူတွေရဲ့ လက်ရှိစိတ်ခံစားမှုကို လေ့လာခြင်း
 တို့ဖြစ်ပါတယ်။

Picture






သုံးချောင်းထောက်မှ အခြေခိုင်တယ် ဆိုတာ ခလေးတောင်သိတယ်........
ခင်ဗျားက သိတ်လျှာရှည်တာပဲ........

၁) Fundamental Analysis သက်ဆိုင်ရာ နိုင်ငံနဲ့ သူ့ရဲ့ အဓိကကုန်သွယ်ဖက် နိုင်ငံများအား လေ့လာခြင်း
    ဒီလေ့လာမှုကတော့ နိုင်ငံတနိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး စတဲ့ အခြေအနေတွေကို လေ့လာခြင်းဖြစ်ပါတယ်။
    လေ့လာရခြင်း အကြောင်းရင်းကတော့ အဲဒီအခြေအနေတွေကိုကြည့်ပြီး ဒီနိုင်ငံရဲ့ အနာဂါတ်ကို ခန့်မှန်းနိုင်ခြင်းကြောင့် ဖြစ်ပါတယ်၊ ဒီလိုအခြေအနေတွေ ကောင်းမယ်ဆိုရင် တခြားနိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေလဲ အဲဒီနိုင်ငံကို ဝင်ရောက်လာတော့မှာဖြစ်ပြီး သူ့ရဲ့ငွေကြေးတန်ဖိုးဟာ မြင့်လာတော့မှာ ဖြစ်ပါတယ်၊ ဒါကြောင့် ဒီနိုင်ငံရဲ့ငွေကြေးကို ဝယ်ယူ ထားခြင်းဖြင့် သင့်အတွက် အကျိုးအမြတ် ရရှိလာမှာဖြစ်ပါတယ်။

    အဆင့်မြင့် သင်္ခန်းစာများ ရောက်ရင် သတင်းတွေရဲ့ အရေးပါမှုအဆင့်တွေနဲ့၊ ဘယ်လို သတင်းမျိုးတွေက သူ့ရဲ့ငွေကြေးကို တန်ဘိုးတက်စေနိုင်တယ် ဆိုတာကို   ဆွေးနွေးဖေါ်ပြသွားပါ့မယ်။

Picture


ဒီလူကြီးကတော့ ကွာ........
စီးပွားကောင်းရင် တန်ဘိုးတက်မယ်.... စီးပွားမကောင်းရင် တန်ဘိုးကျမယ် ဆိုတာများ လာပြောနေရသေးတယ်......

၂) Technical Analysis လူတွေရဲ့ အကျင့်စရိုက်များနဲ့ သင်္ချာပညာရပ်များ ပေါင်းစပ်ပြီး တိုင်းထွာ လေ့လာခြင်း

    ဒီလေ့လာနည်းကတော့ ငွေလဲလှယ်နှုန်းရဲ့ ရွေ့လျှားမှုကို လေ့လာခြင်းဖြစ်ပါတယ်။

    အဓိကယူဆချက်ကတော့ နိုင်ငံတွေရဲ့ စီးပွားရေး၊ နိုင်ငံရေး စတဲ့ သတင်းတွေအားလုံးဟာ နောက်ဆုံးအနေနဲ့ သူတို့ရဲ့   ငွေကြေးတန်ဘိုးအပေါ် အကျိုးသက်ရောက်မှာ ဖြစ်တဲ့အတွက် အဲဒီငွေရဲ့ ရွေ့လျားမှုကို လေ့လာခြင်းဖြင့် သတင်းတွေကိုပါ   လေ့လာပြီးသား ဖြစ်တယ်လို့ ယူဆပါတယ်။ 
   ဒုတိယတချက်အနေနဲ့ သမိုင်းမှာ ရှေ့ကအဖြစ်အပျက်တခုဟာ ပြန်ပြီးဖြစ်တတ်တဲ့ သဘောရှိတာမို့ တချိန်ကဖြစ်ပေါ်ခဲ့တဲ့  အဓိက Support အောက်ခြေအထောက်အပံ့နဲ့  Resistance အပေါ်အတားအဆီး များဟာ နောင်တချိန်မှာ အရေးကြီးတဲ့ အထောက် အပံ့နဲ့ အတားအဆီးများ ပြန်ဖြစ်လာလိမ့်မယ်လို့ ယူဆပါတယ်၊ 
    နောက်တချက် အနေနဲ့လဲ အရင်ကဖြစ်ပေါ်ခဲ့တဲ့ လဲလှယ်နှုန်း ရွေ့လျားမှုပုံစံတွေကို မှတ်သားထားပြီး အလားတူပုံစံမျိုး ဖြစ်ပေါ်လာခဲ့ရင် ဘာဆက်ဖြစ်မယ်ဆိုတာကို ကြိုတင်ခန့်မှန်းနိုင်တယ်လို့ ယူဆထားပါတယ်။

Picture

ဟုတ်သားဘဲနော်..........
အောက်ခြေအထောက်အပံ့ ရောက်ရင် အပေါ်ပြန်တက်ပြီး.......
အပေါ်အတားအဆီး ရောက်ရင် အောက်ကိုပြန်ဆင်း သွားတယ်......
ဒီလူကြီး ပြောတာများ ကြားသွားသလား မသိဘူး..............

၃) Sentimental Analysis ရောင်းဝယ်နေကြသူတွေရဲ့ လက်ရှိစိတ်ခံစားမှုကို လေ့လာခြင်း

    အထက်မှာ နိုင်ငံတခုရဲ့ငွေကြေးတန်ဘိုးဟာ အဲဒီနိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေး စတဲ့သတင်းတွေကိုမူတည်ပြီး အတက်အကျရှိလိမ့်မယ်လို့ ပြောခဲ့ပါတယ်။

    ဒါပေမယ့် တကယ့်ဈေးကွက်ထဲမှာကြတော့ အဲသလောက် ရိုးရိုးကလေးနဲ့ ထွက်ပေါ်လာတဲ့ သတင်းအဆိုးအကောင်းပေါ် မူတည်ပြီး အဲဒီနိုင်ငံရဲ့ ငွေကြေးတန်ဘိုးဟာ အတက်အကျမှန်ကန်ချင်မှ မှန်ကန်တာပါ။
    လူတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်ယူဆချက်၊ ထွက်ပေါ်လာတဲ့ သတင်းရဲ့ အကျိုးဆက်ကို ခန့်မှန်းချက်တွေရှိပြီး ရောင်း၊ဝယ် လုပ်မှုတွေဟာလဲ တူချင်မှ တူမှာမို့ အဲဒီလက်ရှိအချိန်မှာ ဖြစ်ပေါ်နေတဲ့ စိတ်ခံစားမှုတွေကိုလဲ လေ့လာသင့်ပါတယ်။

    ငွေကြေးတစုံရဲ့ တန်ဘိုး တက်တာကို ဈေးကွက်ထဲမှာ Bull ကျွဲ နဲ့ သင်္ကေတ ပြုပြီး တန်ဘိုးကျတာ ကိုတော့ Bear ဝက်ဝံ အနေနဲ့ ကိုယ်စားပြုပြီး ပြောဆိုလေ့ရှိပါတယ်။

Picture




ငါတက်ချင်လွန်းလို့ တက်နေတာ မဟုတ်ဘူးကွ..........
ငါ့ကိုတက်အောင် ဒီကောင် ဆော့နေတာ........

၎) ဘာအကောင်းဆုံးလဲဟေ့.......
    ဒီမေးခွန်းနဲ့ ပါတ်သက်ပြီး ကုန်သည်များဟာ မိမိယုံကြည်ရာနည်းလမ်းကို အကောင်းဆုံးလို့ ပြောဆိုကြမှာကို သင်ကြုံရမှာ ဖြစ်ပါတယ်၊ အဲလိုတဖက်သတ် ပြောဆိုမှုများကို သင်မယုံကြည်သင့်ပါဘူး။
    သင်အရောင်းအဝယ် လုပ်တဲ့အခါမှာ သင့်အတွက် အကျိုးအမြတ် အရှိဆုံးနဲ့ လေ့ကျင့်မှုများအရ သင်အနှစ်သက်ဆုံး လေ့လာမှု နည်းလမ်းကို ရွေးချယ်ပြီး အရောင်းအဝယ်လုပ်သွားရမှာ ဖြစ်ပါတယ်။
    တကယ်တမ်းကျတော့ အဲဒီ လေ့လာနည်း ၃ မျိုးစလုံးဟာ တခုနဲ့တခု ဆက်နွယ်နေတဲ့အတွက် ကိုယ်သန်ရာတခုကို အဓိကထားပြီး ကျန်တဲ့ ၂ ခုကိုလဲ မျက်ခြေမပြတ်သိနေဘို့ လိုပါတယ်။

    တကယ်လို့ မတတ်သာတဲ့အဆုံး လေ့လာမှုနည်းလမ်းတွေဟာ သင့်ကိုဆန့်ကျင်ဖက် ညွှန်ပြနေပြီး သင်ကလဲ အရောင်းအဝယ်ကို သိတ်လုပ်ချင်နေပါတယ် ဆိုရင်တော့ Technical Analysis လို့ခေါ်တဲ့ "လူတွေရဲ့အကျင့်စရိုက်များနဲ့ သင်္ချာပညာရပ်များကို ပူးပေါင်းလေ့လာခြင်း" ဆိုတဲ့ နည်းလမ်းကို ဦးစားပေးလိုက်ပါလို့ ကျွန်တော့်အတွေ့အကြုံအရ အကြံပြုပါရစေ။

Picture



ငါကတော့ အဲလို တခုနဲ့တခု ဆက်စပ်နေတာကို သဘောပေါက်ပြီးသား.........
မိန်းမယူတုန်းက ခယ်မတွေ၊ ယေက်ခမတွေ၊ ယောက်ဖတွေလဲ ဒီဈေးကွက်သဘောတရားလို ဆက်စပ်ပါလာပြီး တာဝန်ယူခဲ့တာဘဲလေ..........

- ငွေကြေးလဲလှယ်နှုန်း အတက်အကျ ချတ် Charts  အမျိုးအစားများ

    ငွေကြေးအတက်အကျကို ချတ် Charts အမျိုးအစား ၃ မျိုးနဲ့ ဖေါ်ပြလေ့ရှိပါတယ်။
    
    ၁) လိုင်းချတ် Line Charts
    ဒီအမျိုးအစားကတော့ ရွေးချယ်ထားတဲ့ အချိန်ပိုင်းတခုအတွင်းမှာ အချိန်ပိုင်းတခုအတွင်း နောက်ဆုံးဖြစ်ပေါ်ခဲ့တဲ့ ငွေလဲလှယ်နှုန်းနဲ့ သူ့ရဲ့နောက်က အချိန်ပိုင်းအတွင်း နောက်ဆုံးဖြစ်ပေါ်ခဲ့တဲ့ ငွေလဲလှယ်နှုန်းတို့ကို မျဉ်းတကြောင်းနဲ့ ဆက်သွယ်ထားခြင်းဘဲဖြစ်ပါတယ်။
    ရှိသမျှအချိန်ပိုင်းအားလုံးကို ဒီနည်းနဲ့ ဆက်သွယ်လိုက်တဲ့အခါ ငွေကြေး တစုံရဲ့ အတက်အကျ သွားရာလမ်းကြောင်းကို အောက်ပါ ချတ် တခုအနေနဲ့မြင်ရမှာ ဖြစ်ပါတယ်။

Picture


မင်းဟာကလဲကွာ......
ခေါက်ဆွဲဖတ်လိုလို၊ တီကောင်လိုလိုနဲ့ ...... အရိုးဆုံး ချတ် တခုပါလား......

2) ဘားချတ် Bar Charts
    ဒီအမျိုးအစားကတော့ လိုင်းချတ်အမျိုးအစားထက် နဲနဲပိုရှုပ်သလို အချိန်ပိုင်းတခုကို ဒေါင်လိုက်မျဉ်းတကြောင်းနဲ့ ကိုယ်စားပြုပြီး အတွင်းမှာ အသေးစိတ်အချက်အလက်တွေ ဖြစ်တဲ့ ပထမဆုံးနဲ့ နောက်ဆုံး လဲလှယ်နှုန်းများ အမြင့်ဆုံးနဲ့ အနိမ့်ဆုံး လဲလှယ်နှုန်းများတို့ ပါဝင်ပါတယ်၊ 

Picture


ဟင်..... မင်းပြောတော့ အသေးစိတ်လဲလှယ်နှုန်းတွေ ပါတယ်ဆို.......
ဘယ်မှာလဲဟ?............

    ဘားချတ်ရဲ့ အချိန်ပိုင်းတခုကို ကိုယ်စားပြုတဲ့ ဒေါင်လိုက်မျဉ်းတကြောင်းကို သေချာကြည့်မယ်ဆိုရင် အဲဒီအချိန်ပိုင်းအတွင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို အောက်ပါပုံအတိုင်း တွေ့မြင်ရမှာဖြစ်ပါတယ်။
HIGH = အမြင့်ဆုံး လဲလှယ်နှုန်း
CLOSE = နောက်ဆုံး လဲလှယ်နှုန်း
OPEN = အစဆုံး လဲလှယ်နှုန်း
LOW = အနိမ့်ဆုံး လဲလှယ်နှုန်း တို့ဖြစ်ပါတယ်။

Picture






အော်.... ဒီလိုလား.....

- ဖရောင်းတိုင်ချတ် Candlesticks Charts
    ဖရောင်းတိုင်ချတ်ကတော့ လူကြိုက်အများဆုံး ချတ်တခုဖြစ်ပါတယ်၊ ဒီချတ်မှာ ပါရှိတဲ့ အသေးစိတ်အချက်အလက်တွေဟာလဲ ဘားချတ်တခုမှာ ပါရှိတဲ့ အချက်အလက်တွေနဲ့ အတူတူပဲဖြစ်ပါတယ်။
ဒါပေမယ့် ကိုယ်ထည်မှာ သက်ဆိုင်တဲ့အရောင်တွေ ထည့်ထားနိုင်တာမို့ ပိုကြည့်ကောင်းပြီး အချိန်ပိုင်းအခုအတွင်းမှာ တက်သွားခဲ့လား၊ ကျသွားခဲ့လားဆိုတာ အလွယ်တကူခွဲခြားနိုင်ပါတယ်။

Picture



အော်..... အရောင်လေးတွေနဲ့ပါလား........

    ဖရောင်းတိုင်ချတ် တခုရဲ့ ကိုယ်ထည်တခုကို အနီးကပ်ကြည့်မယ်ဆိုရင်တော့ အောက်ပါပုံအတိုင်း တွေ့ရမှာဖြစ်ပါတယ်၊ ဒီပုံမှာအချိန်ပိုင်းတခုအတွင်း လဲလှယ်နှုန်းတက်ခဲ့ရင် အစိမ်းရောင်နဲ့ ကိုယ်စားပြုထားပြီး၊ လဲလှယ်နှုန်းကျခဲ့ရင် အနီရောင်နဲ့ ကိုယ်စားပြုထားတဲ့အတွက် အဲဒီအချိန်ပိုင်းအတွင်းမှာ တက်သွားခဲ့လား၊ ကျသွားခဲ့လားဆိုတာ ကြည့်လိုက်ရုံနဲ့ အလွယ်တကူ ပြောနိုင်ပါတယ်။
HIGH = အမြင့်ဆုံး လဲလှယ်နှုန်း
CLOSE = နောက်ဆုံး လဲလှယ်နှုန်း
OPEN = အစဆုံး လဲလှယ်နှုန်း
LOW = အနိမ့်ဆုံး လဲလှယ်နှုန်း
UPPER SHADOW = အပေါ်ပိုင်း မီးဇာ (အပေါ်ဘက်တွင် လဲလှယ်နှုန်းလွန်ဆွဲမှု) 
LOWER SHADOW = အောက်ပိုင်း မီးဇာ (အောက်ဖက်တွင် လဲလှယ်နှုန်းလွန်ဆွဲမှု)
REAL BODY = အစဆုံးအချိန်နဲ့ နောက်ဆုံးအချိန်ကြား တကယ့် အတက်၊အကျ ခြားနားချက်

Picture




အေးနော်...... လွယ်လိုက်တာဟယ်.......
လှလဲလှတယ်......







အောက်ဖော်ပြပါ  ကိုဗွီနိုင် ဘလော့(ဂ်)မှ ကူးယူဖော်ပြပါသည်။
http://myanmarforextradingeducation.com 

Forex Trading ငွေကြေးအရောင်း/ဝယ် ကိုစတင်လေ့လာရန်သင်ခန်းစာများအတွက် (မူကြို)

မူကြိုကျောင်း သင်ခန်းစာများ

မူကြိုကျောင်းမှာ အောက်ပါ သင်ခန်းစာများ ပါဝင်ပါတယ်၊ ကျွန်တော့်အနေနဲ့ စတင်လေ့လာသူတွေ ရှုပ်ထွေးမသွားစေချင်တဲ့အတွက် အရမ်းအသေးမစိတ်တော့ဘဲ ရောင်းဝယ်ဘို့ လိုအပ်တဲ့၊ သိထားသင့်တဲ့ အကြောင်းအချက်တွေဘဲ ဖေါ်ပြသွားပါ့မယ်။

- FOREX ငွေကြေးရောင်းဝယ်ရေး ဆိုတာ ဘာလဲ?

- ဘာကြောင့် အွန်လိုင်း ငွေကြေး အရောင်းအဝယ် လုပ်ကြတာလဲ?

- ဘယ်သူတွေ အွန်လိုင်း ငွေကြေး အရောင်းအဝယ် လုပ်ကြသလဲ?

- ဘယ်အချိန်တွေမှာ အွန်လိုင်း ငွေကြေးအရောင်းအဝယ် လုပ်နိုင်သလဲ?

- ဘယ်လို အွန်လိုင်း ငွေကြေးအရောင်းအဝယ်ကို လုပ်ရမှာလဲ
?

Picture



အောင်မြင်မှု ပန်းတိုင်ကိုရောက်အောင်.........
ငွေကြေးဈေးကွက်ရဲ့ လျှို့ဝှက်ချက်တွေကို လှေကားအဖြစ်တည်ဆောက်ပြီး........
အတူ တက်လှမ်းကြပါစို့.......

- FOREX ငွေကြေးရောင်းဝယ်ေ၇း ဆိုတာ ဘာလဲ?

၁) FOREX ငွေကြေးရောင်းဝယ်ေ၇း ဆိုတာ ဘာလဲ?

            FOREX ငွေကြေးရောင်းဝယ်ေ၇း ဆိုတာ အလွယ်ဆုံးပြောရရင် "ငွေကြေး တစ်ခုမှ မတူတဲ့ တစ်ခြားငွေကြေး တစ်ခုကို လှဲလှယ်ခြင်း" ပဲ ဖြစ်ပါတယ်။

            နိုင်ငံ၇ပ်ခြားကို ခရီးသွားသူတိုင်း ငွေကြေးလဲလှယ်ပေးတဲ့ ကောင်တာတခုကို၇ှာပြီး အဲဒီနိုင်ငံရဲ့ ငွေကြေးကိုလဲလှယ်ထားမှသာ အဲဒီမှာ နေထိုင်သုံးစွဲဘို့ အဆင်ပြေမှာဖြစ်ပါတယ်။
            အဲဒီလို ငွေးကြေးလှဲလှယ်လိုက်ခြင်းဟာ သင်ကိုယ်တိုင် Forex ငွေကြေး အရောင်းအ၀ယ် လုပ်ငန်းထဲမှာ တစ်စိတ်တစ်ဒေသအားဖြင့် ပါဝင်နေပြီဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်ဟာ ငွေကြေး တစ်ခုမှ မတူတဲ့ တစ်ခြားငွေကြေး တစ်ခုကို လှဲလှယ်လိုက်ခြင်းကြောင့်ဖြစ်ပါတယ်။

            ဥပမာ......သင်ဂျပန်ပြည်ကိုသွားတယ်ဆိုပါစို့! ငွေကြေးလှဲလှယ်ဖို့ ကောင်တာကိုသွားတဲ့အခါ ကွဲပြားတဲ့လှဲလှယ်မှု နှုန်းတွေကို ငွေကြေးအသီးသီးအတွက်   တွေ့၇မှာ ဖြစ်ပါတယ်။ ဂျပန်ယန်း လှဲလှယ် နှုန်းကို ကိုတွေ့လိုက်၇င်.... အား!   ၁ ဒေါ်လာကို ယန်းတစ်ရာတောင် ၇မှာပါလား!   "င့ါမှာ ဒေါ်လာတစ်သောင်းရှိတယ်ဆိုတော့ ငါတော့ မီလျံနာဖြစ်ပြီ” ဆိုပြီးတော့တောင် တွေး၇င်တွေးမိမှာဖြစ်ပါတယ်။
            အကြောင်းကိစ္စပြီးစီးလို့ မိမိတိုင်းပြည်ကိုပြန်တော့မယ်ဆို၇င် လက်ကျန်ဂျပန်ယမ်းငွေကို ဒေါ်လာပြန်လဲ၇မှာဖြစ်ပါတယ်။  အဲဒီအချိန်မှာ သင်သတိထား မိမှာကတော့   ငွေကြေးလှဲလှယ်မှုနှုန်းဟာ သင်လဲလှယ်ခဲ့တဲ့အချိန်နဲ့ မတူတော့ဘူး ဆိုတာပါပဲ။ 
အဲဒီလို ငွေကြေးလှဲလှယ်မှုနှုန်းပြောင်းလဲခြင်းဟာ သင့်ကို Forex ငွေကြေးရောင်းဝယ်ေ၇းဈေးကွက်ထဲမှာ အကျိုးစီးပွား ၇ှာနိုင်ဖို့ အခွင့်အေ၇းတစ်ခု ပေးနေတယ်ဆိုတာ “သိသူဖော်စား မသိသူကျော်သွား” ဆိုတဲ့ မြန်မာစကားပုံ အတိုင်းပါပဲ။

             “Forex” သို့မဟုတ် “FX” လို့ သိထားကြတဲ့ ငွေကြေးအရောင်းအ၀ယ် ဈေးကွက်ဟာ ကမ္ဘာမှာ အကြီးဆုံးနဲ့ ခေတ်အမှီဆုံး ဈေးကွက်ကြီးတစ်ခုပါပဲ။တနေ့ကို ဒေါ်လာ သန်းပေါင်း-လေးသန်း $4 Trillion အရောင်းအ၀ယ်ရှိတဲ့ “Forex” ငွေကြေးအရောင်းအ၀ယ်ဈေးကွက်နဲ့ ယှဉ်လိုက်တဲ့အခါ တနေ့မှာ ဒေါ်လာသန်းပေါင်း ၇၄၀၀၀ $74 Billion သာရှိတဲ့ တချိန်က ကြော်ကျားခဲ့တဲ့ စတော့၇ှယ်ယာ ဈေးကွက်ဟာ ကလေးလေးတစ်ယောက်လိုသာ ဖြစ်သွားပါတော့တယ်။

               ငွေကြေးအရောင်းအဝယ်လုပ်ငန်းကို သင်တကယ် ကျွမ်းကျင်သွားပြီ ဆိုရင်တော့ သင့်ဘဝနေထိုင်မှု အတွက် ပူစရာမလိုတော့သလို တချိန်မှာ မီလျံနာတယောက် ဖြစ်လာဖို့ ဆိုတာလဲ မခဲယဉ်းတော့ပါဘူး။ 

            ဒါပေမယ့် အောင်မြင်တဲ့ ငွေကြေးကုန်သည်တယောက် ဖြစ်ချင်၇င် သင်ဟာလိုက်နာရမယ့် ဥပဒေသတွေကိုတော့ တကယ့်ကို တိကျစွာ လိုက်နာရမှာ ဖြစ်ပါတယ်။

Picture




တနေ့ကို ဒေါ်လာ သန်းပေါင်း-လေးသန်း $4 Trillion အရောင်းအ၀ယ်ရှိတဲ့ ငွေကြေးဈေးကွက်ပါ......

၂) ဘာတွေကို ဘယ်လို အရောင်းအဝယ် လုပ်မှာလဲ?

            အ၇ှင်းဆုံးအဖြေကတော့ “ငွေကြေး” ကို အရောင်းအ၀ယ်လုပ်မှာပါ။ 

            ပြီးတော့ မိမိအိမ်ကနေပြီး အင်တာနက်ကွန်နက်ရှင်နဲ့ အရောင်းအ၀ယ်လုပ်မှာပါ။
            စတော့ ဈေးကွက်မှာ ၇ှယ်ယာဝယ်တယ်ဆိုတာဟာ အလားအလာရှိတဲ့ ကုမ္ပဏီ တစ်ခုမှာ ၇င်းနှီးမြှုပ်နှံလိုက်တာဖြစ်သလို နိုင်ငံတစ်ခုရဲ့ ငွေကြေးကိုဝယ်တယ်ဆိုတာဟာလဲ အလားအလာရှိတဲ့ နိုင်ငံတစ်ခုမှာ ၇င်းနှီးမြှုပ်နှံလိုက်တာပါပဲ။ 
အကြမ်းအားဖြင့် နိုင်ငံ ၂ နိုင်ငံရဲ့ ငွေကြေးလှဲလှယ်မှုနှုန်းဟာ အဲဒီ ၂ နိုင်ငံလုံးရဲ့ စီးပွားေ၇းအခြေအနေပေါ်မှာ မူတည်ပြီးပြောင်းလဲနေပါတယ်။ အဓိကနိုင်ငံတွေရဲ့ ငွေကြေး သင်္ကေတ   လေးတွေကိုတော့ အင်္ဂလိပ်လို သင်သိထား၇မှာဖြစ်ပါတယ်။ 

အဓိက ငွေကြေးများ
သင်္ကေတ                      နိုင်ငံ                                         ငွေကြေး                        နာမည်ပြောင်

USD                            အမေရိကန်                               ဒေါ်လာ                          Buck

EUR                            ဥရောပ အဖွဲ့                              ယူရို                               Fiber

JPY                             ဂျပန်                                       ယန်း                              Yen

GBP                            ဗြီတိန်                                      ပေါင်                             Cable

CHF                            ဆွစ်ဇာလန်                               ဖ၇န်(စ်)                        Swissy

CAD                            ကနေဒါ                                   ဒေါ်လာ                          Loonie

AUD                            သြစတြေးလျ                            ဒေါ်လာ                          Aussie

NZD                            နယူးဇီလန်                                ဒေါ်လာ                          Kiwi                                       

ရွှေ၊ ငွေ နဲ့ ရေနံ တွေကိုလဲ ငွေကြေးနည်းတူ မိမိအိမ်ကနေပြီး အင်တာနက်ကွန်နက်ရှင်နဲ့ ရောင်းဝယ်နိုင်ပါတယ်။

Picture




အိမ်ကနေ အောင်မြင်တဲ့ စီးပွားရေး လုပ်ကြရအောင်!

၃) ငွေကြေးများကို အစုံ/ အတွဲ လိုက်အရောင်းအ၀ယ်လုပ်ခြင်း

            ငွေကြေးအရောင်းအ၀ယ်လုပ်ခြင်းဆိုတာ တစ်ချိန်ထဲမှာ နိုင်ငံတစ်ခုရဲ့ငွေကြေးကိုရောင်းပြီး အခြားနိုင်ငံတစ်ခုရဲ့ငွေကြေးကိုဝယ်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အစုံလိုက် အရောင်းအ၀ယ် လုပ်ကြ၇ပါတယ်။ 
            ဥပမာ.... ယူရိုနဲ့ အမေရိကန်ဒေါ်လာ အစုံကို EUR/USD နဲ့ ဖော်ပြပြီး ဗြိတိန်ပေါင်နဲ့ ဂျပန်ယန်း အစုံကို GBP/JPY နဲ့ ဖော်ပြပါတယ်။

            အရောင်းအ၀ယ်လုပ်ရာမှာ မိမိနှစ်သက်ရာ အစုံကို ရောင်း ”sell” သို့မဟုတ် ၀ယ် “buy” လုပ်၇ပါတယ်။ ငွေကြေးလှဲလှယ်မှုနှုန်းထားဟာ အဲဒီအချိန်မှာ ဘယ်ငွေကြေးက ပိုပြီး ခိုင်မာသလဲ ဆိုတဲ့အပေါ် မူတည်ပြီးပြောင်းလဲနေပါတယ်။  

အဓိက ငွေကြေးအတွဲများ

အမေရိကန် ဒေါ်လာ ပါတဲ့ အတွဲတွေကို အဓိက ငွေကြေးအတွဲများလို့ခေါ်ပါတယ်။

အစုံ/အတွဲ                               သက်ဆိုင်ရာနိုင်ငံများ                               အခေါ်အဝေါ်                 

EUR/USD                               ဥရောပ အဖွဲ့ / အမေရိကန်                       ယူရို - ဒေါ်လာ    

USD/JPY                                အမေရိကန် / ဂျပန်                                ဒေါ်လာ - ယန်း

GBP/USD                               ဗြိတိန် / အမေရိကန်                               ပေါင် - ဒေါ်လာ

USD/CHF                               အမေရိကန် / ဆွစ်ဇာလန်                        ဒေါ်လာ - ဆွစ်ဇီ

USD/CAD                               အမေရိကန် / ကနေဒါ                             ဒေါ်လာ - လုံနီ

AUD/USD                               သြစတြေးလျ / အမေရိကန်                      အော်ဇီ- ဒေါ်လာ            

NZD/USD                               နယူးဇီလန် / အမေရိကန်                          ကီဝီ - ဒေါ်လာ

မှတ်ချက်။        ။ ဥရောပ အဖွဲ့တွင် နိုင်ငံပေါင်း ၁၇ နိုင်ငံ ပါဝင်ပါသည်။

Picture





အတွဲလိုက် ရောင်းဝယ်ရမှာပါ...........

အခြား အရောင်းအ၀ယ်များသော ငွေကြေးအတွဲများ

အမေရိကန် ဒေါ်လာမပါတဲ့ အတွဲတွေကို အခြား ငွေကြေးအတွဲများလို့ခေါ်ပါတယ်။

ယူရို အတွဲများ (တကယ်ယူရန် တွဲကြ သူများ) 
အစုံ/အတွဲ                                   သက်ဆိုင်ရာနိုင်ငံများ                                   အခေါ်အဝေါ်                 

EUR/CHF                                   ဥရောပ အဖွဲု့/ ဆွစ်ဇာလန်                           ယူရို - ဆွစ်ဇီ                  

EUR/GBP                                   ဥရောပ အဖွဲ့ / ဗြိတိန်                                   ယူရို - ပေါင်

EUR/CAD                                   ဥရောပ အဖွဲ့ / ကနေဒါ                                 ယူရို - လုံနီ

EUR/AUD                                   ဥရောပ အဖွဲ့ / သြစတြေးလျ                         ယူရို - အော်ဇီ

EUR/NZD                                   ဥရောပ အဖွဲ့ / နယူးဇီလန်                            ယူရို - ကီဝီ

Picture





တကယ်ယူမှာမို့.....
တွဲတာပါနော်........

ယန်း အတွဲများ (အရမ်းကာရော တွဲကြ သူများ) 
အစုံ/အတွဲ                               
    သက်ဆိုင်ရာနိုင်ငံများ                               အခေါ်အဝေါ်                 

EUR/JPY                                        ဥရောပ အဖွဲ့ / ဂျပန်                            ယူရို - ယန်း                   

GBP/JPY                                        ဗြိတိန်ု / ဂျပန်                                    ပေါင် - ယန်း

CHF/JPY                                        ဆွစ်ဇာလန် / ဂျပန်                             ဆွစ်ဇီ - ယန်း

CAD/JPY                                        ကနေဒါ / ဂျပန်                                  လုံနီ - ယန်း

AUD/JPY                                        သြစတြေးလျ / ဂျပန်                           အော်ဇီ - ယန်း

NZD/JPY                                        နယူးဇီလန် / ဂျပန်                               ကီဝီ - ယန်း

Picture





တွဲမှာပဲ.... တွဲမှာပဲ.... 
ဘာမှမသိဘူး..... အရမ်းတွဲလိုက်မှာပဲ............................

ပေါင် အတွဲများ (ပေါင်နှံကာ တွဲကြ သူများ) 
အစုံ/အတွဲ                               သက်ဆိုင်ရာနိုင်ငံများ                               အခေါ်အဝေါ်           
      

GBP/CHF                               ဗြိတိန်ု / ဆွစ်ဇာလန်                                ပေါင် - ဆွစ်ဇီ                 

GBP/AUD                               ဗြိတိန်ု / သြစတြေးလျ                             ပေါင် - အော်ဇီ

GBP/CAD                               ဗြိတိန်ု / ကနေဒါ                                    ပေါင် - လုံနီ

GBP/NZD                               ဗြိတိန် / နယူးဇီလန်                                 ပေါင် - ကီဝီ

Picture



ပေါင်ရအုံးမှာပေါ့......
အသဲလေးနဲ့ ချိန်းထားတယ်လေ...... ဟဲ.ဟဲ.ဟဲ.............

အခြား အတွဲများ (စည်းခြားပြီး တွဲကြသူများ) 
အစုံ/အတွဲ                               သက်ဆိုင်ရာနိုင်ငံများ                               အခေါ်အဝေါ်                 

AUD/CHF                               သြစတြေးလျ / ဆွစ်ဇာလန်                     အော်ဇီ - ဆွစ်ဇီ              

AUD/CAD                               သြစတြေးလျ / ကနေဒါ                          အော်ဇီ - လုံနီ

AUD/NZD                               သြစတြေးလျ / နယူးဇီလန်                      အော်ဇီ - ကီဝီ

CAD/CHF                               ကနေဒါ / ဆွစ်ဇာလန်                             လုံနီ - ဆွစ်ဇီ 

NZD/CHF                               နယူးဇီလန် / ဆွစ်ဇာလန်                          ကီဝီ - ဆွစ်ဇီ

NZD/CAD                               နယူးဇီလန် / ကနေဒါ                               ကီဝီ - လုံနီ


Picture




အဲဒီကနေဘဲ စကားပြောနော်....... ဒီနားကပ်မလာနဲ့........

အပျိုကြီးမို့ ဂဂျီဂဂျောင်ကျတယ်လို့ ပြောရင်တော့ အဖြတ်ပဲ.........

- ဘာကြောင့် အွန်လိုင်း ငွေကြေးအရောင်းအဝယ် လုပ်ကြတာလဲ?

        အွန်လိုင်း ငွေကြေး အရောင်းအဝယ် လုပ်ခြင်းမှာ အကျိုးတရား များစွာ ရှိပါတယ်။ အဲတာတွေထဲကတချို့ကို အောက်မှာ ဖေါ်ပြထားပါတယ်။

၁) ကော်မရှင် ကြေးတွေ ပေးစရာမလို ပါဘူး
    ငွေကြေးလဲလှယ်တဲ့ ကောင်တာ တွေမှာ ထဲ့တွက်လေ့ရှိတဲ့  ငွေကြေးလဲလှယ်ကြေး။ အစိုး၇အခွန်။ ဆိုင်ခန်းငှားခ စတာတွေ ပေးစရာ မလိုပါဘူး။
၂) ကြားပွဲစား မလိုပါဘူး
    နိုင်ငံတကာ ငွေကြေး ဈေးကွက်မှာ အွန်လိုင်းကနေတကယ့်ဘဏ်ကြီးတွေနဲ့ တိုက်ရိုက် အရောင်းအဝယ် လုပ်ခြင်းဖြစ်တာကြောင့် ကြားပွဲစား မလိုပါဘူး။
၃) အနည်းဆုံး ဝယ်နိုင်တဲ့ ပမာဏကို အမြင့်ကြီး သတ်မှတ်မထားပါဘူး
    အများအားဖြင့် နိုင်ငံတကာအရောင်းအဝယ်လုပ်ငန်းတွေမှာ အနိမ့်ဆုံးဝယ်၇မယ့် ပမာဏကို သတ်မှတ်ထားလေ့ရှိပါတယ်။ ဥပမာ.... Futures ဈေးကွက်မှာ ငွေသတ္တုကို အနည်းဆုံး ၅၀၀၀ အောင်စ (ဒေါ်လာ တသိန်း ၅သောင်းခန့်) ဝယ်မှ ရပါတယ်။ အွန်လိုင်း ငွေကြေး ရောင်းဝယ်ခြင်းမှာတော့ သင့်၇ဲ့ငွေ ၂၅ ဒေါ်လာလောက်နဲ့လဲ အရောင်းအဝယ် လုပ်လို့၇ပါတယ်။
၎) တိုက်ရိုက်ငွေလဲလှယ်ကြေး အနည်းငယ်သာ ကုန်ကျခြင်း
    အွန်လိုင်း ငွေကြေး ရောင်းဝယ်ရာမှာ အများအားဖြင့် သင်ဝယ်ယူတဲ့ငွေပမာဏ၇ဲ့ 0.01 - 0.07% လောက်ကိုသာ တိုက်ရိုက်ငွေလဲလှယ်ခ အဖြစ် ပေး၇လေ့ရှိပါတယ်။
၅) ၂၄ နာရီ ဈေးကွက် ဖြစ်ခြင်း
    အွန်လိုင်း ငွေကြေး အရောင်းအဝယ် ဈေးကွက်ဟာ အမြဲနိုးကြားနေတဲ့ဈေးကွက်တခု ဖြစ်ပြီး တနင်္လာနေ့ကနေ သောကြာနေ့အထိ တနေ့တာ ၂၄ နာရီ အတွင်း သင်ကြိုက်တဲ့ အချိန်မှာ အရောင်းအဝယ် လုပ်နိုင်ပါတယ်။ အဲတာကြောင့် ကိုယ်ကြိုက်တဲ့အချိန်ရွေးပြီး အရောင်းအဝယ်လုပ်နိုင်တဲ့အတွက် ပုံမှန်ရုံးချိန်မှာ အလုပ်ရှိသူတွေအပါအဝင် အားလုံးအတွက် အဆင်ပြေလှပါတယ်။
၆) မည်သူတဦးတယောက်ကမှ ငွေကြေးအတက်အကျကိုလုံးဝ ထိန်းချုပ်နိုင်စွမ်း မရှိပါဘူး
    အွန်လိုင်း ငွေကြေး အရောင်းအဝယ် ဈေးကွက်အတွင်းမှာ ရောင်းဝယ် လည်ပတ်နေတဲ့ ငွေပမာဏဟာ တနေ့ကို ဒေါ်လာသန်းပေါင်း - သန်း ၄ ထောင် ရှိပြီး အရမ်း အရမ်း အရမ်း ကို များပြားတဲ့ပမာဏ ဖြစ်တဲ့အတွက် နိုင်ငံတွေ၇ဲ့အစိုးရပိုင်ဘဏ်ကြီးတွေအပါအဝင် ဘယ်သူကမှ ငွေကြေးအတက်အကျကိုလုံးဝ ထိန်းချုပ်နိုင်စွမ်း မရှိပါဘူး။
၇) အဆတိုးဝယ်ယူခွင့် ရှိခြင်း
    အွန်လိုင်း ငွေကြေး ရောင်းဝယ်ခြင်းမှာ Leverage လို့ခေါ်တဲ့ သင့်မှာရှိတဲ့ ငွေကြေးကို အဆတိုးပြီး ဝယ်ယူနိုင်ခွင့်ဆိုတဲ့ အထူးအခွင့်အရေးတရပ် ကိုလဲပေးထားပါသေးတယ်။ Broker ကုမ္မဏီပေါ်မူတည်ပြီး သင့်ငွေကြေးရဲ့ အဆ ၅၀ ကနေ အဆ ၄၀၀ ခန့်အထိ ဝယ်ယူခွင့်ရှိပါတယ်။ ဥပမာ...... အဆ ၄၀၀ ဝယ်ခွင့်ပေးတဲ့ ကုမ္မဏီမှာဆိုရင် သင့်ရဲ့ငွေ ဒေါ်လာ တထောင်နဲ့   ဒေါ်လာ ၄သိန်းဖိုးထိ အရောင်းအဝယ် လုပ်နိုင်ပါတယ်။
၈) ငွေကြေး အရင်းအနှီးအနည်းငယ်မျှဖြင့် အရောင်းအဝယ် လုပ်ငန်း စတင်နိုင်ခြင်း
    အထက်ပါအကြောင်းများကြောင့် သင်ဟာ ငွေကြေး အရင်းအနှီး ဒေါ်လာ ၁၀၀ လောက်နဲ့လဲ အကောင့်တခု စဖွင့်ပြီး အရောင်းအဝယ် လုပ်ငန်း စတင်နိုင်ပြီဖြစ်ပါတယ်။ ဒါပေမယ့် လေ့လာကျွမ်းကျင်မှုမရှိသေးဘဲနဲ့ အွန်လိုင်း ငွေကြေး အရောင်းအဝယ်လုပ်ငန်းကို မစတင်ဘို့ကိုတော့ လေးလေးနက်နက် အကြံပြုပါရစေ။
၉) ငွေကြေးကုန်ကျခြင်းမရှိဘဲ အရောင်းအဝယ် ဈေးကွက်ထဲမှာ လေ့ကျင့်နိုင်ခြင်း
    သင့်မှာ တကယ့်ငွေကြေးကုန်ကျခြင်း မရှိဘဲနဲ့လဲ လေ့လာသင်ကြားပြီးတဲ့အခါ လက်တွေ့ဈေးကွက်ထဲမှာ လေ့ကျင့်နိုင်ဘို့ အခွင့်အရေးတွေ ရှိနေပါတယ်။ အွန်လိုင်း ငွေကြေး အရောင်းအဝယ်အကြောင်းကို စနစ်တကျ လေ့လာသင်ကြားပြီး၇င် အနည်းဆုံး ၃ လလောက် အချိန်ယူလေ့ကျင့်ပြီးမှ တကယ့်ငွေကြေးနဲ့ အရောင်းအဝယ်လုပ်ဘို့ အကြံပြုပါရစေ။

Picture




ဟာ... အများကြီးပဲဟေ့............

- ဘယ်သူတွေ အွန်လိုင်း ငွေကြေးအရောင်းအဝယ် လုပ်ကြသလဲ?
၁) အွန်လိုင်း ငွေကြေး ရောင်းဝယ်မှု အလုပ်လုပ်ပုံ
   အွန်လိုင်း ငွေကြေး ရောင်းဝယ်မှု လုပ်ငန်းဟာ သင်အပါအဝင် ရာင်းလို ဝယ်လိုသူများအားလုံးနဲ့ ဘဏ်များကို တပြိုင်ထဲ အွန်လိုင်းမှတဆင့် ချိတ်ဆက်ထားကြ ပြီး စတော့ဈေးကွက် မှာကဲ့သို့ ဗဟိုချုပ်ကိုင်မှုမရှိဘဲ ကိုယ်ကြိုက်တဲ့ ဈေးနှုန်းမှာ ရောင်းဝယ်နေကြခြင်း ဖြစ်ပါတယ်။ အဲဒါကြောင့် ငွေကြေးလဲလှယ်မှုနှုန်းထားအမှန်ကို အားလုံးက တူညီစွာသိရှိနေပြီး မိမိကြိုက်တဲ့ဈေးနှုန်းမှာ ဝယ်၊ရောင်း လုပ်နိုင်ကြပါတယ်။

Picture




အားလုံးအတူတူမဲ.....
ကြိုက်ဈေးနဲ့ရောင်း ကြိုက်ဈေးနဲ့ဝယ် ဘဲဟေ့.............

၂) ဘယ်သူတွေ အွန်လိုင်း ငွေကြေး အရောင်းအဝယ် လုပ်ကြသလဲ?
    ၁၉၉၀ ခုနှစ် ကျော်လောက်အထိ ငွေကြေး ရောင်းဝယ်ခြင်းလုပ်ငန်းကို အနည်းဆုံး ဒေါ်လာ ၁၀ သန်းမှ ၅၀ သန်းခန့်ထိ ရင်းနှီးမြုပ်နှံနိုင်သူများသာ လုပ်နိုင်ခွင့် ရှိခဲ့ကြပါတယ်။ သူတို့ကတော့.....
    - ကြီးမားတဲ့ ဘဏ်ကြီးများ
    - ကြီးမားတဲ့ စီးပွါးရေး ကုမ္မဏီကြီးများ
    - နိုင်ငံအစိုးရများနဲ့ သူတို့ရဲ့ ငွေစက္ကူလှည့်ထုတ်နိုင်တဲ့ အစိုးရဘဏ်ကြီးများ စသည်တို့ ဖြစ်ကြပါတယ်။
    ယခုအခါမှ အလွန်လျှင်မြန်စွာ တိုးတက်လာတဲ့ အွန်လိုင်း အင်တာနက် နည်းပညာများရဲ့ အကျိုးကျေးဇူးကြောင့် အရင်းအနှီးနည်းတဲ့ ငွေကြေးဝယ်ရောင်းကုန်သည်လေးတွေ ပါဝင်လာနိုင်ခြင်း ဖြစ်ပါတယ်။

Picture

တို့အားလုံးလဲ ပါတယ်လေ................

၃) ငွေကြေးလဲလှယ်မှု သမိုင်းကြောင်း
    ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးတဲ့နောက် ပြသနာပေါင်းစုံ ကိုလျှော့နည်းစေနိုင်ရန် ကမ္ဘာ့စီးပွားရေးတည်ငြိမ်မှုကို ပေးနိုင်မဲ့ စနစ်တခု တည်ဆောက်ဖို့ အနောက်နိုင်ငံများက ဆုံးဖြတ်ပြီး "Bretton Woods System" လို့ခေါ်တဲ့ စနစ်တခုကို အားလုံးသဘောတူ တည်ဆောက်ခဲ့ကြပါတယ်။ အဲဒါကတော့ ရွှေကို စံအဖြစ်သတ်မှတ်ပြီး ငွေကြေးအားလုံးရဲ့ တန်ဘိုးကို   ရွှေနဲ့ လဲလှယ်နှုန်း သတ်မှတ်လိုက်တာဘဲ ဖြစ်ပါတယ်။
    အဲဒီစနစ်အသုံးပြုပြီး မကြာခင်မှာ နိုင်ငံကြီးတွေရဲ့ တိုးတက်နှုန်းမတူညီတာနဲ့အမျှ ဒီစနစ်ရဲ့အသုံးဝင်မှုဟာ လျှော့ပါးလာတာကို ကြုံခဲ့ရပါတယ်၊ ဒါကြောင့် ၁၉၇၁ ခုနှစ်မှာ ရှိပြီသားစနစ်ကို တခြား ငွေကြေးတန်ဘိုးသတ်မှတ်တဲ့ စနစ်တခုနဲ့ အစားထိုးခဲ့ကြပါတယ်။ စနစ်သစ်မှာတော့ အမေရိကန်က ဦးဆောင်ပြီး ကမ္ဘာ့ ငွေကြေးအားလုံးဟာ   ဈေးကွက်မှာ   ရောင်းလို ဝယ်လိုအားတွေကို အခြေခံပြီး လွတ်လပ်စွာ တန်ဘိုးပြောင်းလဲခွင့် ရှိသွားတာဘဲ ဖြစ်ပါတယ်။
    စနစ်သစ်မှာ အစပိုင်း အခက်အခဲရှိခဲ့ပေမယ့် ကွန်ပြူတာနည်းပညာ တိုးတက်လာတာနဲ့အမျှ လွယ်ကူအဆင်ပြေလာခဲ့ပါတယ်၊ နောက်ပိုင်းမှာတော့ စီးပွားရေးအမြှော်အမြင် ရှိသူတွေက အွန်လိုင်းကိုအခြေခံပြီး ငွေကြေးအရောင်းအဝယ်လုပ်နိုင်တဲ့ စက်တွေကိုတည်ဆောက်ပြီး ဘဏ်ကြီးတွေသာမက လူတိုင်း ငွေကြေးအရောင်းအဝယ် လုပ်နိုင်အောင် ကြံဆောင်ပေးခဲ့ခြင်းဖြစ်ပါတယ်။

Picture




နောင်လာ နောင်သားတွေ သိရအောင် မှတ်တမ်းတင်လိုက်ကြရအောင်နော်......
ဒါပေမယ့် ငါတို့ကြောင့် သမိုင်းသင်နေရတာ ဆိုပြီး မေတ္တာပို့နေရင်တော့ ဒုက္ခဘဲ.........

- ဘယ်အချိန်တွေမှာ အွန်လိုင်း ငွေကြေးအရောင်းအဝယ် လုပ်နိုင်သလဲ?

    အွန်လိုင်း ငွေကြေး အရောင်းအဝယ် ဈေးကွက်ဟာ တနင်္လာနေ့ကနေ သောကြာနေ့အထိ ၂၄ နာရီ ကာလပတ်လုံး အရောင်းအဝယ် လုပ်နိုင်ပါတယ်၊ ဒါပေမယ့် တနေ့လုံးတော့ ငွေလဲလှယ်နှုန်း တွေဟာ သိသိသာသာ တက်နေ၊ ကျနေတာ မဟုတ်ပါဘူး။ 
    သင့်အတွက် အကျိုးအမြတ်တကယ်ဖြစ်စေတဲ့ အချိန်တွေကတော့ ငွေလဲလှယ်နှုန်း သိသာစွာ တက်နေ သို့မဟုတ် ကျနေတဲ့ အချိန်တွေပါ၊ နေ့တနေ့မှာ အရာင်းအဝယ်လုပ်လို့ အကောင်းဆုံး အချိန်တွေကို အောက်မှာ ရှင်းပြထားပါတယ်။

    ငွေကြေး အရောင်းအဝယ် ဈေးကွက်မှာ အဓိကအရောင်းအဝယ်လုပ်ကြတဲ့ အချိန်ပိုင်းကြီး လေးပိုင်းရှိပါတယ်၊ သြစတြေးလျှက ဆစ်ဒနီရုံးဖွင့်ချိန်၊ ဂျပန်က တိုကျိုရုံးဖွင့်ချိန်၊ ဗြိတိန်က လန်ဒန်ရုံးဖွင့်ချိန် နဲ့ အမေရိကန်က နယူးယောက်ရုံးဖွင့်ချိန်တို့ဘဲ ဖြစ်ပါတယ်။ ဆစ်ဒနီရုံးဖွင့်ချိန် နဲ့ တိုကျိုရုံးဖွင့်ချိန်ဟာ ကွာခြားမှုသိတ်မရှိတဲ့အတွက် ၂ခုပေါင်းကို အာရှရုံးဖွင့်ချိန် အဖြစ်သဘောထားပြီး   အဓိကအရောင်းအဝယ် လုပ်ကြတဲ့ အချိန်ပိုင်းကြီး သုံးပိုင်းအဖြစ် သတ်မှတ်နိုင်ပါတယ်။
    တချို့နိုင်ငံများဟာ ရာသီအပြောင်းအလဲကိုလိုက်ပြီး တနှစ်အတွင်းမှာ နာရီအချိန်ကိုရှေ့တိုးနောက်ဆုတ် ရွှေ့လေ့ရှိတဲ့အတွက် အောက်ပါဇယားမှ အနည်းငယ် အပြောင်းအလဲ ရှိနိုင်ပါတယ်။

ငွေကြေးဈေးကွက် ရုံးဖွင့်ချိန်များ
ဈေးကွက်                                       EST                                                       GMT                                                     မြန်မာ စံတော်ချိန်  
              
ဆစ်ဒနီဖွင့်ချိန်                               ၅:၀၀ ညနေ                                               ၁၀:၀၀ ညနေ                                            ၄:၃၀ မနက်      
ဆစ်ဒနီပိတ်ချိန်                             ၂:၀၀ မနက်                                                ၇:၀၀ မနက်                                              ၁:၃၀ ညနေ

တိုကျိုဖွင့်ချိန်                                ၇:၀၀ ညနေ                                                ၁၂:၀၀ မနက်                                           ၆:၃၀ မနက်      
တိုကျိုပိတ်ချိန်                              ၄:၀၀ မနက်                                                ၉:၀၀ မနက်                                              ၃:၃၀ ညနေ

လန်ဒန်ဖွင့်ချိန်                               ၃:၀၀ မနက်                                               ၈:၀၀ မနက်                                             ၂:၃၀ ညနေ      
လန်ဒန်ပိတ်ချိန်                             ၁၂:၀၀ ညနေ                                              ၅:၀၀ ညနေ                                             ၁၁:၃၀ ညနေ

နယူးယောက်ဖွင့်ချိန်                      ၈:၀၀ မနက်                                                 ၁:၀၀ ညနေ                                             ၇:၃၀ ညနေ      
နယူးယောက်ပိတ်ချိန်                    ၅:၀၀ ညနေ                                                 ၁၀:၀၀ ညနေ                                            ၄:၃၀ မနက်

အကြမ်းမျဉ်းအားဖြင့် .....
အာရှနဲ့ ဥရောပက ရုံးများ ၁ နာရီခန့် တပြိုင်နက်ထဲ ငွေကြေးအရောင်းအဝယ် ပြုလုပ်ချိန် --  မြန်မာစံတော်ချိန် ညနေ ၂:၃၀ မှ ၃:၃၀ ခန့်အတွင်း
ဥရောပနဲ့ အမေရိကက ရုံးများ ၄ နာရီခန့် တပြိုင်နက်ထဲ ငွေကြေးအရောင်းအဝယ် ပြုလုပ်ချိန် --  မြန်မာစံတော်ချိန် ညနေ ၇:၃၀ မှ ၁၁:၃၀ ခန့်အတွင်း

Picture





၂၄ ဆိုတော့ မီးမီးမအိပ်တော့ဘူး..... ဟီဟိ.........
အိမ်ကတော့ အရောင်းအဝယ်လုပ်နေတယ် ထင်မှာဘဲ...... အမှန်ကတော့ ဖေ့စ်ဘွတ်မှာလေ..... ဟီးဟီးဟီး........

၁) တိုကျိုရုံးဖွင့်ချိန်

    တိုကျို သို့ အာရှရုံးဖွင့်ချိန်ဟာ တနေ့တာ ငွေကြေး အရောင်းအဝယ် ဈေးကွက်ရဲ့ ဦးဆုံးအချိန်ပိုင်းကြီးပါ၊ ဂျပန်ဟာ ကမ္ဘာမှာ တတိယအကြီးဆုံး ငွေကြေး အရောင်းအဝယ် စင်တာကြီးဖြစ်ပြီး ဒီအချိန်ပိုင်းမှာ ယန်းငွေလဲလှယ်မှုပမာဏ ဟာ ငွေကြေးအားလုံးရဲ့ ၁၆.၅% ခန့် ရှိပါတယ်။ တနေ့တာ ငွေကြေး အရောင်းအဝယ် ပမာဏရဲ့ ၂၁% လောက်ဟာ ဒီအာရှအချိန်ပိုင်းမှာ ရောင်းဝယ်လေ့ရှိပါတယ်၊

    ဒီအချိန်ပိုင်းမှာ ဂျပန်၊ သြစတြေးလျှ နဲ့ နယူးဇီလန် နိုင်ငံများရဲ့ စီးပွားရေးအခြေအနေများနဲ့ဆိုင်တဲ့ သတင်းတွေ ထွက်ပေါ်လေ့ရှိတဲ့အတွက် အဲဒီငွေကြေးပါတဲ့ အတွဲတွေကို အရောင်းအဝယ်လုပ်ဖို့ အကောင်းဆုံး အချိန်ပိုင်း ဖြစ်ပါတယ်။
    နောက်တခုကတော့ တရုတ်ဟာလဲပဲ ကမ္ဘာ့ စီးပွားရေးအင်အားကြီး နိုင်ငံကြီးဖြစ်တာကြောင့် တရုတ်ကထုတ်လွှင့်လိုက်တဲ့သတင်းတွေဟာလဲ ငွေကြေး အတက်အကျ များစွာဖြစ်စေနိုင်ပါတယ်၊ ဂျပန်နဲ့ သြစတြေးလျှဟာ တရုတ်ရဲ့စီးပွားရေးတိုးတက်မှု ပေါ်မှာများစွာမူတည်နေတာကြောင့် တရုတ်သတင်းတွေပေါ်မူတည်ပြီး ဂျပန်၊ သြစတြေးလျှ   ငွေကြေးအတွဲကို အရောင်းအဝယ်လုပ်လို့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။

    ငွေကြေး အရောင်းအဝယ် လုပ်ငန်းမှာအတက်အကျကို ပစ် pip နဲ့တိုင်းတာလေ့ရှိပြီး တပစ် pip ဆိုတာဟာ ၁ ဒေါ်လာရဲ့ ၀.၀၁% တပြားရဲ့တရာပုံတပုံ ဖြစ်တာကို သင်သိထားရမှာ ဖြစ်ပါတယ်။
    ပစ် pip တပစ်ရဲ့ တန်ဘိုးဟာ သူ့ရဲ့ငွေကြေးအတွဲကို မူတည်ပြီး အနည်းငယ်စီ ကွဲပြားတတ်ပါတယ်၊ သက်ဆိုင်ရာ အတွဲရဲ့ ပစ် pip တန်ဘိုးဟာ ဘယ်လောက် ဆိုတာ   ဖေါ်ပြ ထားလေ့ရှိပါတယ်။

Picture



လာလေ.........
နပန်းသတ်ရအောင်...........

၂) လန်ဒန်ရုံးဖွင့်ချိန်

    အာရှက ငွေကြေးရာင်းဝယ်နေကြတဲ့ ရုံးတွေပိတ်ဖို့ ၁ နာရီအလိုမှာ ဥရောပက ငွေကြေးရောင်းဝယ်မယ့် ရုံးတွေဟာ စတင်ဖွင့်လှစ်လာပါတယ်၊ ဥရောပမှာ ရုံးတွေအများကြီး ရှိပေမယ့် မဟာဗျုဟာကျတဲ့နေရာမှာ တည်ရှိနေတဲ့ လန်ဒန်ဈေးကွက်ဟာ ငွေကြေးအရောင်းအဝယ် သမိုင်းတလျှောက်မှာ အဓိကနေရာယူထားပါတယ်။ တနေ့တာ ငွေကြေး အရောင်းအဝယ် ပမာဏရဲ့ ၃၀% လောက်ဟာ ဒီလန်ဒန်အချိန်ပိုင်းမှာ ရောင်းဝယ်လေ့ရှိပါတယ်။

ဒီအချိန်ပိုင်းမှာ ဗြိတိန်၊ ဥရောပ နဲ့ ဆွစ်ဇာလန် နိုင်ငံများရဲ့ ငွေကြေး အတက်အကျနဲ့ဆိုင်တဲ့ သတင်းတွေ ထွက်ပေါ်လေ့ရှိတဲ့အတွက် အဲဒီငွေကြေးပါတဲ့ အတွဲတွေကို အရောင်းအဝယ် လုပ်ဖို့ အကောင်းဆုံး အချိန်ပိုင်း ဖြစ်ပါတယ်။
    အာရှနဲ့ ဥရောပက ရုံးတွေ ၁ နာရီလောက် ရုံးဖွင့်ချိန်ထပ်နေတဲ့ အချိန်မှာ ငွေကြေးအတက်အကျ သိတ်မရှိတတ်ပါဘူး။

Picture




လန်ဒန်သားတွေ နိုးပြီဟေ့.........
ငါတို့ကတော့ နပန်းမသတ်ဘူး...... လက်ဝှေ့ဘဲထိုးမယ်............

၃) နယူးယောက် ရုံးဖွင့်ချိန်

    ဥရောပက ငွေကြေးရာင်းဝယ်နေကြတဲ့ သူတွေနေ့လည်ထမင်းစား ပြန်လာချိန် လောက်မှာ အမေရိကက ငွေကြေးရောင်းဝယ်မယ့် ရုံးတွေဟာ စတင်ဖွင့်လှစ်လာပါတယ်၊ အမေရိကန်ဟာ လက်ရှိအနေအထား အရ ကမ္ဘာ့ စီးပွားရေးအင်အားကြီး နိုင်ငံကြီးဖြစ်တာကြောင့် ဒီအချိန်ပိုင်းမှာ အမေရိကန်ဒေါ်လာ လဲလှယ်မှုပမာဏဟာ ငွေကြေးအားလုံးရဲ့ ၈၅% ခန့် ရှိပါတယ်။တနေ့တာ ငွေကြေး အရောင်းအဝယ် ပမာဏရဲ့ ၅၀% လောက်ဟာ ဒီအချိန်ပိုင်းမှာ ရောင်းဝယ်လေ့ရှိပါတယ်။

    ဒီအချိန်ပိုင်းမှာ အမေရိကန် နဲ့ ကနေဒါ နိုင်ငံများရဲ့ ငွေကြေး အတက်အကျနဲ့ဆိုင်တဲ့ သတင်းတွေ ထွက်ပေါ်လေ့ရှိတဲ့အတွက် အဲဒီငွေကြေးပါတဲ့ အတွဲတွေကို အရောင်းအဝယ်လုပ်ဖို့ အကောင်းဆုံး အချိန်ပိုင်း ဖြစ်ပါတယ်။

ဥရောပနဲ့ အမေရိကက ရုံးတွေ ၄ နာရီလောက် ရုံးဖွင့်ချိန်ထပ်နေတဲ့ အချိန်မှာ ငွေကြေးအတက်အကျ ကြမ်းတတ်ပြီး အရောင်းအဝယ်လုပ်ဖို့ အခွင့်ကောင်းတွေ ပေါ်လေ့ရှိပါတယ်။

Picture




အမေရိကန်ကွ............
ဒို့ဆီမှာ လူမျိုးစုံတယ်...... လက်ဝှေ့နဲ့ နပမ်းပေါင်းပြီး ကေ့ဂ်ျဖိုက်တင်း Cage Fighting လုပ်ပစ်လိုက်မယ်.............

၎) ရုံးဖွင့်ချိန်ခြင်း ထပ်နေသော အချိန်ပိုင်းများ

    တိုကျို - လန်ဒန် အချိန်ထပ်ခြင်း
    အများအားဖြင့် အာရှအချိန်ပိုင်းမှာ ငွေကြေး အတက်အကျ သိတ်မကြမ်းတတ်သလို ဥရောပအနေနဲ့လဲ ရုံးစဖွင့်ချိန် ဖြစ်တာကြောင့် တိုကျို - လန်ဒန် အချိန်ထပ်တဲ့ ၁ နာရီ အတွင်းမှာ ငွေကြေး အတက်အကျ မကြမ်းတတ်ဘဲ အရောင်းအဝယ်အခွင့်အလမ်းကောင်းတွေ များစွာ ပေါ်ပေါက်လေ့ မရှိပါဘူး။
တိုကျို - လန်ဒန် အချိန်ထပ်ချိန် -->  မြန်မာစံတော်ချိန် ညနေ ၂:၃၀ မှ ၃:၃၀ အတွင်း
    လန်ဒန် - နယူးယောက် အချိန်ထပ်ခြင်း
    လန်ဒန် နဲ့ နယူးယောက် ရောင်းဝယ်ချိန်ခြင်းထပ်နေတဲ့ ၄ နာရီ ကာလကတော့ ကမ္ဘာ့အကြီးဆုံး ငွေကြေးအရောင်းအဝယ် စင်တာကြီး ၂ခု အပြိုင် ရောင်းဝယ်နေကြချိန် ဖြစ်တဲ့အတွက် တနေ့တာလုံးမှာ ငွေကြေး အတက်အကျ အကြမ်းဆုံး၊ ငွေကြေးကုန်သည်များအတွက် အလုပ်အရှုပ်ဆုံးဖြစ်သလို သင့်အတွက်လဲ အရောင်းအဝယ် အခွင့်အလမ်း 
ကောင်းတွေ အများဆုံးရရှိနိုင်တဲ့ အချိန်ပိုင်းဖြစ်ပါတယ်။ ဒီအချိန်ပိုင်းအတွင်းမှာ အမေရိကနဲ့ကနေဒါက စီးပွားရေးနဲ့ဆိုင်တဲ့ သတင်းတွေ ကြေညာချိန်လဲဖြစ်ပါတယ်။

    အရှေ့က လန်ဒန်အချိန်ပိုင်းမှာ အတက်(သို့)အကျ လမ်းကြောင်းတွေ ဖြစ်ပေါ်ထားခဲ့တယ်ဆိုရင် ဒီအချိန်ပိုင်းအတွင်း တခြား စီးပွားရေးသတင်းတွေမကြေညာခင်အချိန်ထိ အရှေ့ကလမ်းကြောင်းအတိုင်း ဆက်သွားလေ့ရှိပါတယ်။ အရေးကြီးတဲ့ စီးပွားရေးနဲ့ဆိုင်တဲ့ သတင်းတွေ ကြေညာပြီးချိန်တွေမှာတော့ ငွေကြေးလဲလှယ်မှုနှုန်းတွေ သိသာစွာ   ပြောင်းလဲနိုင်ပြီး အရှေ့ကဖြစ်ပေါ်နေတဲ့ တက်ကျလမ်းကြောင်းတွေလဲ ပြောင်းလဲနိုင်ပါတယ်။
လန်ဒန် - နယူးယောက် အချိန်ထပ်ချိန် -->  မြန်မာစံတော်ချိန် ညနေ ၇:၃၀ မှ ၁၁:၃၀ အတွင်း

Picture



ဟေ့ကောင်!!!   ထပ်နေ၊ညပ်နေပြီကွ.........

ဖြေ၊  ၊ဟင်အင်း..... ထပ်ပလေ့စေ......... ဖိထားမှာပဲ.........

၅) တပတ်အတွင်း ငွေကြေးအရောင်းအဝယ်လုပ်ရန် အကောင်းဆုံးနေ့များ
    တပတ်အတွင်းမှာ အလယ်ရက်တွေဖြစ်တဲ့ အင်္ဂါ၊ ဗုဒ္ဓဟူးနဲ့ ကြာသာပတေးနေ့တွေဟာ ငွေကြေးအရောင်းအဝယ်လုပ်ဖို့အကောင်းဆုံးနေ့တွေ ဖြစ်ပါတယ်၊ တနင်္လာနေ့ရဲ့ ပထမနေ့ဝက်မှာ အတက်အကျလမ်းကြောင်းမှားတွေ ဖြစ်ပေါ်နိုင်သလို သောကြာနေ့ရဲ့ ဒုတိယနေ့ဝက်ဟာလဲ ပိတ်ရက်တွေနဲ့နီးလာတာကြောင့် အတက်အကျသိတ်မရှိတတ်ပါဘူး။

သင့်ရဲ့အချိန်တွေကို အမြော်အမျှင်ရှိရှိနဲ့ စီမံပါ
    အွန်လိုင်း ငွေကြေး အရောင်းအဝယ် ဈေးကွက်ဟာ တနင်္လာနေ့ကနေ သောကြာနေ့အထိ ၂၄ နာရီ ကာလပတ်လုံး အရောင်းအဝယ် လုပ်နိုင်တာဖြစ်ပေမယ့် အမြဲသိသာစွာတက်ကျနေတာ မဟုတ်ပါဘူး။
    သင့်ရဲ့ကျန်းမာရေးအတွက် အနားယူချိန်နဲ့ မိသားစုအတွက်အချိန် ပးဘို့ဆိုတာလဲ သင့်ဘဝမှာ အရေးပါတယ်ဆိုတာ မမေ့ပါနဲ့၊ အဲဒါကြောင့်ဘယ်အချိန်တွေမှာ   ငွေကြေးအရောင်းအဝယ်လုပ်သင့်ပြီး ဘယ်အချိန်တွေမှာ မလုပ်သင့်ဘူးဆိုတာ ကုန်သည်တိုင်း သိထားသင့်ပါတယ်။

အရောင်းအဝယ်လုပ်ရန် အကောင်းဆုံးအချိန်များ

က) လန်ဒန် - နယူးယောက် အရောင်းအဝယ်ထပ်ချိန် ၄ နာရီ ကာလအတွင်း
ခ) လန်ဒန် ရုံးဖွင့်ချိန် အတွင်း
ဂ) နေ့အားဖြင့် အင်္ဂါ၊ ဗုဒ္ဓဟူးနဲ့ ကြာသာပတေးနေ့များ

အရောင်းအဝယ်လုပ်ရန် မကောင်းဆုံးအချိန်များ
က) အဓိက နိုင်ငံတခုဧ။် ရုံးပိတ်ရက်နေ့များ
ခ) သောကြာနေ့ လန်ဒန်ရုံးပိတ်ချိန် နောက်ပိုင်း
ဂ) အရမ်း အရေးပါသော စီးပွားရေးသတင်း ထွက်ပေါ်ချိန်များ (ထိုအချိန်များတွင် မိနစ်ပိုင်းအတွင်း ငွေကြေးလဲလှယ်မှုနှုန်း အတက်အကျ ကြီးမားလျှင်မြန်စွာ ဖြစ်ပေါ်လေ့ရှိခြင်းကြောင့် ကျွမ်းကျင်မှုမရှိပါက အရောင်းအဝယ်မလုပ်သင့်ပါ)

Picture


ဟဲဟဲ..... ဒါအကောင်းဆုံးအချိန်ပဲ........
သူ့အိမ်မှာ ဘယ်သူမှမရှိဘူး.........

- အွန်လိုင်း ငွေကြေးအရောင်းအဝယ်ကို ဘယ်လို လုပ်၇မှာလဲ?

၁) ငွေကြေး အရောင်းအဝယ် အတွဲ၊ လဲလှယ်နှုန်းနဲ့ အခြေခံများ

    ဒီဈေးကွက်မှာ သင်ဟာ တန်ဖိုးကျနိုင်တဲ့ငွေကိုရောင်းပြီး တန်ဘိုးတက်နိုင်တဲ့ငွေကို ဝယ်ခြင်းအားဖြင့် စီးပွားရှာရမှာဖြစ်ပါတယ်၊ အဲဒီငွေကြေး ၂ခု လဲလှယ်နှုန်း ကွာခြားလာတာနဲ့အမျှ သင်ဟာ အကျိုးအမြတ် ရရှိလာမှာဖြစ်ပါတယ်၊

    သက်ဆိုင်ရာ ငွေကြေးအစုံနဲ့ ၄င်းတို့ရဲ့လဲလှယ်မှုနှုန်းကို အောက်ပါအတိုင်း ဖေါ်ပြလေ့ရှိပါတယ်။

                                     SELL / BID                            BUY / ASK


EUR/USD                     1.3366                                  1.3369

    အရှေ့ကငွေကြေး  EUR ယူရိုကို "အခြေခံငွေကြေး" Base Currency လို့ခေါ်ပြီး အနောက်ကဖေါ်ပြထားတဲ့ USD အမေရိကန်ဒေါ်လာ ငွေကြေး ကိုတော့"တွက်ချက်ထားတဲ့   ငွေကြေး" Quote Currency  လို့ခေါ်ပါတယ်။ ရောင်းတာကို SELL (သို့) BID လို့ဖေါ်ပြလေ့ရှိပြီး ဆွေးနွေးတဲ့အခါ SHORT လို့ သုံးပါတယ်၊ ဝယ်တာကိုတော့ BUY (သို့) ASK လို့ဖေါ်ပြလေ့ရှိပြီး  ဆွေးနွေး ကြတဲ့အခါ  LONG လို့လဲ သုံးလေ့ရှိပါတယ်။
SELL = BID = SHORT                         
BUY = ASK = LONG


    ဖေါ်ပြထားတဲ့ လဲလှယ်နှုန်းကတော့ အခြေခံငွေကြေး တယူနစ်မှာ တွက်ချက်ခံရတဲ့ငွေကြေး ဘယ်လောက်ရှိတယ် ဆိုတာပါဘဲ၊ ငွေကြေးအစုံတိုင်းဟာ အခြေခံငွေကြေး တယူနစ်ကို မူတည်ပြီး တွက်ချက်ဖေါ်ပြထားကြတာပါ၊ အပေါ်မှာကတော့ ၁ ယူရိုမှာ အမေရိကန် ၁.၃၃၆၆ ခန့် လဲလှယ်နှုန်း ရှိတယ်လို့ ဆိုလိုပါတယ်၊ အရောင်းနဲ့ အဝယ်နှုန်းမှာ မတူဘဲ အနည်းငယ် ၀.၀၀၀၃ ကွာခြားတာကို သတိထားမိပါလိမ့်မယ်၊ အဲဒီကွာခြားချက်က အွန်လိုင်း တိုက်ရိုက်ငွေလဲလှယ်ခပါ။ ၀.၀၀၀၁ ဖြစ်တဲ့ ၁ ပစ် pip ဟာ သင်ဝယ်တဲ့ ငွေပမာဏရဲ့ ၀.၀၁% နဲ့ ညီမျှပါတဲ့အတွက် ၀.၀၀၀၀၃ ဖြစ်တဲ့ ၃ ပစ် pip ဟာ သင်ဝယ်တဲ့ ငွေပမာဏရဲ့ ၀.၀၃% နဲ့ညီမျှမှာပါ၊ 
    အထက်ဥပမာအရဆိုရင် EUR ယူရို တသိန်း အွန်လိုင်းတိုက်ရိုက် ရောင်းဝယ်ဘို့အတွက် သင့်ဒေါ်လာအကောင့်မှာ ဒေါ်လာ ၁၃၄၀၀၀ တသိန်း ၃သောင်း လေးထောင်ခန့် ရှိရမှာဖြစ်ပြီး   ရောင်းဝယ်ခအဖြစ် ကွာခြားချက် ၃ ပစ် pip ၀.၀၀၀၃ ဖြစ်တဲ့ ဒေါ်လာ ၃၀ (တသိန်းရဲ့ ၀.၀၃%) ပေးရမှာဖြစ်ပါတယ်၊ တကယ်တန်းကျတော့ သင့်ဒေါ်လာ အကောင့်မှာ ဒေါ်လာ ၅၀၀ ထည့်ထားရင် သင်ဟာ EUR ယူရို တသိန်းကို အွန်လိုင်း   ရောင်းဝယ်နိုင်ပြီဖြစ်ပါတယ်၊ အဲဒါကိုLeverage "မြှင့်တင်ပေးငွေ" လို့ခေါ်ပြီး အသေးစိတ်ကို နောက်ပိုင်းမှာ ရှင်းပြပါမယ်။

    သင်တကယ်သိထားရမှာကတော့ အခြေခံငွေကြေး EUR ယူရိုကို ရောင်းခြင်ရင် SELL အောက်မှာရှိတဲ့ နှုန်း (1.3366) ကို နှိပ်ရမှာဖြစ်သလို EUR ယူရိုကိုဝယ်ခြင်ရင် BUY  အောက်မှာ ဖေါ်ပြထားတဲ့   နှုန်း (1.3369)ကို နှိပ်ရမှာဖြစ်ပါတယ်၊ အခြေခံငွေကြေးကို ရောင်းရင် သူနဲ့တွဲနေတဲ့ ငွေကြေးကို ဝယ်ပြီးသားဖြစ်သွားပြီး အခြေခံငွေကြေးကို ဝယ်ရင် သူနဲ့တွဲနေတဲ့ ငွေကြေးကို အလိုလို   ရောင်းပြီးသားဖြစ်သွားပါတယ်။ အဲဒီတော့ ကိုယ်အရောင်းအဝယ်လုပ်ခြင်တဲ့ ငွေကြေးအတွဲကို လိုက်ရှာပြီး ရောင်း (သို့) ဝယ် လုပ်ရုံပါဘဲ

Picture





မီးမီးက ငွေကြေးကုန်သည်လေ.......ဟီဟိ.......


၂) မာဂျင်၊ နေ့တိုး နှင့် အကျိုးအမြတ် တွက်ချက်ပုံ

Margin မာဂျင် (အနည်းဆုံး သင့်အကောင့်တွင် ကျန်ရှိရမည့်ငွေ) နှင့်  Lots size ဝယ်ယူနိုင်သည့် ပမာဏများ
    Margin မာဂျင်ငွေအဖြစ် သင်အရောင်းအဝယ်လုပ်သည့် ကုမ္ပဏီ Broker ပေါ်မူတည်ပြီး သင်ဝယ်ယူထားသည့်ငွေပမာဏ၏ ၀.၀၅% မှ ၀.၅% အထိ သင့်အကောင့်တွင် လက်ကျန်ငွေ ရှိရပါတယ်။
    Lots size ဝယ်ယူရမည့် ပမာဏများကတော့ သင်ဖွင့်တဲ့အကောင့်ပေါ်မူတည်ပြီး Micro အသေး၊ Mini အငယ် နဲ့ Standard ပုံမှန် အကောင့်တို့အတွက်အနည်းဆုံးဝယ်ယူရမယ့် ပမာဏအဖြစ် ၁၀၀၀ (တထောင်)၊ ၁၀၀၀၀ (တသောင်း) နဲ့ ၁၀၀၀၀၀ (တသိန်း) ဆီ အသီးသီး သတ်မှတ်ထားပါတယ်။

Rollover နေ့တိုး

    Leverage "မြှင့်တင်ပေးငွေ" အနေနဲ့ သင်ရောင်းဝယ်ရာမှာ ကုမ္ပဏီက ငွေများကို သင့်အတွက် စိုက်ထုတ်ပေးထားတာကြောင့် ကုမ္ပဏီရဲ့ငွေတွေကိုသုံးထားတဲ့သင့်ရဲ့ရောင်းဝယ်မှုဟာ  ဒီနေ့ကနေ နောက်နေ့ကူးသွားမယ် ဆိုရင်တော့ နေ့စဉ်ဘဏ်တိုးအဖြစ် မပြောပလောက်တဲ့ ငွေအနည်း ငယ်ပေးရပါမယ်၊   ရောင်းဝယ်မှု   နေ့မကူးဘူးဆိုရင်တော့ ပေးစရာမလိုပါဘူး။
    Leverage "မြှင့်တင်ပေးငွေ" အနေနဲ့ ကုမ္ပဏီပေါ်မူတည်ပြီး သင့်လက်ရှိငွေရဲ့ အဆ ၅၀ လောက်ကနေ အဆ ၄၀၀ လောက်ထိ မြှင့်တင်ရောင်းဝယ်ခွင့် ပေးထားပါတယ်။

အကျိုးအမြတ် တွက်ချက်ပုံ Profit calculation

    သင်ယူရို ကျမယ်ခန့်မှန်းပြီး ၁.၃၃၆၆ နှုန်းမှာရောင်းလိုက်တဲ့အတိုင်း ယူရိုငွေကြေးကျသွားပြီး သင့်ရဲ့ရောင်းဝယ်မှုကို ၁.၃၄၆၆ မှာ ရပ်လိုက်မယ်ဆိုရင် သင်ဟာ၁.၃၄၆၆-၁.၃၃၆၆ = ၀.၀၁၀၀ = ၁၀၀ ပစ် pip မြတ်သွားပြီဖြစ်ပါတယ်၊ 
    အလားတူဘဲ သင်ယူရို တက်မယ်ခန့်မှန်းပြီး ၁.၃၃၆၉ နှုန်းမှာဝယ်လိုက်တဲ့အတိုင်း ယူရိုငွေကြေးတက်သွားပြီး သင့်ရဲ့ရောင်းဝယ်မှုကို ၁.၃၄၆၉ မှာ ရပ်လိုက်မယ်ဆိုရင် သင်ဟာ ၁.၃၄၆၉-၁.၃၃၆၉ = ၀.၀၁၀၀ = ၁၀၀ ပစ် pip မြတ်သွားပြီဖြစ်ပါတယ်၊ 
    သင် ငွေကြေးတသိန်းဘိုး ဝယ်ယူထားတဲ့အတွက် တပစ် pip အတက်အကျတန်ဘိုးဟာ ဒေါ်လာ ၁၀ ရှိတဲ့အတွက် သင်ဟာ ၁၀၀ ပစ် pip x ဒေါ်လာ ၁၀ = ဒေါ်လာ တထောင် အမြတ် ရရှိသွားပြီဖြစ်ပါတယ်။ 

ရှင်းပြတာတွေ များလို့ ရှုပ်နေသလိုထင်ရပေမယ့်........ အနှစ်ချုပ်မှာတော့......
1) ဝယ်ချင်တဲ့ အတွဲကို ရွေးတတ်ဖို့ ရယ်
2) ကိုယ့်ဝယ်ချင်တဲ့ ငွေလဲလှယ်နှုန်းမှာ ခလုတ်လေးနှိပ်ပြီး ဝယ်ယူတတ်ဖို့ရယ်
3) အကြမ်းမျဉ်းအားဖြင့် တသိန်းဘိုးလောက် ဝယ်ရောင်း လုပ်ရင် တပစ် pip ကို ဒေါ်လာ ၁၀ လောက် အကျိုးအမြတ်တန်ဖိုး ရှိတယ်ဆိုတာရယ် သိထားရင် အဆင်ပြေပါပြီ။ 
    တသောင်းဘိုး ဝယ်ရောင်း --> တပစ် pip = တဒေါ်လာ ခန့်၊ တသိန်းဘိုး ဝယ်ရောင်း --> တပစ် pip = ဒေါ်လာ ၁၀ ခန်၊့ တသန်းဘိုး ဝယ်ရောင်း --> တပစ် pip = ဒေါ်လာ ၁၀၀ ခန့်

နိုင်ငံတွေရဲ့ ငွေကြေးအတက်အကျ ခန့်မှန်းရာမှာတော့.........အဓိကအားဖြင့်.......
I)  Fundamental Analysis
    အဲဒီနိုင်ငံနဲ့ သူ့ရဲ့ အဓိကကုန်သွယ်ဖက်နိုင်ငံများရဲ့ လက်ရှိ နိုင်ငံရေး၊ စီးပွားရေး အခြေအနေများအကြောင်း
II) Technical Analysis
    ကမ္ဘာကျော် သင်္ချာံပညာရှင်၊ စိတ်ပညာရှင် ကြီးများရဲ့ အတတ်ပညာတွေနဲ့ လူတွေရဲ့ လက်တွေ့အမူအကျင့် ပြုမူချက်များကို နှစ်ပေါင်းများစွာ လေ့လာပြီး   ဖေါ်ထုတ် ထားခဲ့တဲ့  သင်္ချာ၊ တိုင်းထွာနည်းပညာ ဖေါ်မြူလာတွေနဲ့ လက်ရှိငွေကြေးအတက်အကျခြေအနေတွေကို လေ့လာခြင်း
III) Sentimental Analysis
    လက်ရှိ ရောင်းဝယ်နေကြတဲ့ ငွေကြေးကုန်သည်များရဲ့ တဒင်္ဂ စိတ်ခံစားမှုအခြေအနေ ကိုလေ့လာခြင်း ဆိုပြီး ၃ ပိုင်းရှိပါတယ်

အဲဒါတွေကို အဆင့်မြင့် သင်္ခန်းစာများမှာဆက်ပြီး ဖေါ်ပြသွားပါ့မယ်.........

Picture



အနော်က Physics ဖိစစ် သမားလေ.........
သူပြောနေတဲ့ Leverage "မြှင့်တင်ပေးငွေ" ဆိုတာ ဒီသဘောဘဲ ဆိုတာ သူမရှင်းတတ်ပေမယ့် အနော်ရှင်းပြတတ်တယ်.......

၃) အရောင်းအဝယ် အော်ဒါ အမျိုးအစားများ

   က) လက်ရှိပေါက်ဈေးဖြင့် ရောင်းဝယ်ခြင်း Market order
    လက်ရှိမြင်တွေ့နေရသော လဲလှယ်နှုန်းအတိုင်း ရောင်း SELL အောက်မှနှုန်း (သို့) ဝယ် BUY အောက်မှနှုန်းကို နှိပ် CLICK ကာ ဝယ်၊ရောင်း လုပ်ခြင်းဖြစ်ပါသည်။

    ခ) မိမိနှစ်သက်သည့် နှုန်းတွင် အလိုအလျှောက် အရောင်းအဝယ်ပြုလုပ်စေခြင်း
    ဝယ်၊ရောင်း ဆက်တင်ပြုလုပ်ခြင်း Limit Order 
    ဝယ်၊ရောင်း လိုသည့် နှုန်းကို ကြိုတင်တွက်ချက်ကာ ဆက်တင်  လုပ်ထားပြီး ထိုနှုန်းအရောက်တွင် အလိုအလျှောက် အရောင်းအဝယ်ပြုလုပ်စေခြင်းဖြစ်ပါသည်၊ ဒီနည်းကတော့ အချိန်မရှိသူများနဲ့ အင်တာနက်လိုင်းမကောင်းတဲ့နေရာများမှာ အထူး အသုံးဝင်လှပါတယ်။ 
    ကျေနပ်သောအမြတ် နှင့် အများဆုံးအရှုံးတို့ကို ဆက်တင်ပြုလုပ်ခြင်း Stop loss & Take profit
    ဝယ်၊ရောင်း လိုသည့် နှုန်းကို ကြိုတင်တွက်ချက်ကာ ဆက်တင် လုပ်ချိန်ချိန်တွင် တပြိုင်နက်ထဲ မိမိကျေနပ်သောအမြတ် နှင့် အများဆုံးအရှုံးတို့ကိုလဲ တွက်ချက်ကာ ဆက်တင် ပြုလုပ်ထားနိုင်ပါသည်၊ 
    ထိုသို့ပြုလုပ်ထားလျှင် ဆက်တင်လုပ်ထားသော နှုန်းအရောက်တွင် စက်ကဝယ်ယူထားပေးပြီး လဲလှယ်နှုန်းထပ်မံပြောင်းလဲမှု အရ မိမိကျေနပ်သောအမြတ်သို့ရောက်လျှင် (သို့) အများဆုံးကျေနပ်သောအရှုံးသို့  ရောက်လျှင် သူ့အလိုအလျှောက် အရောင်းအဝယ်ရပ်သွားမည် ဖြစ်ပါသည်။

    ဂ) ဆက်တင်တခု ဝယ်ရောင်းချိန်တွင် အခြားဆက်တင်တခုအား အလိုအလျှောက် ပျက်ပြယ်စေခြင်း   One-Cancels-the-Other (OCO)
    သင့်အနေဖြင့် လဲလှယ်နှုန်း တက်မည်၊ ကျမည်ကို မခန့်မှန်းနိုင်ခဲ့လျှင် ဆန့်ကျင်ဘက် ဆက်တင် ၂ ခုပြုလုပ်ထားပြီး ဆက်တင်တခုအား စက်မှ အလိုအလျှောက် ဝယ်ရောင်း လုပ်ချိန်တွင် အခြားဆက်တင်တခုအား အလိုအလျှောက် ပယ်ဖျက်ပေးသောနည်း ဖြစ်ပါသည်၊ သင်အနားတွင် ရှိနေစရာ မလိုအပ်ပါ။
    ဒီနည်းကိုတော့ အရေးကြီးသော သတင်းများ ထွက်ပေါ်ခါနီးတွင် အသုံးပြုလေ့ရှိပါသည်၊ ငွေလဲလှယ်နှုန်းအတက်အကျမှာ ထွက်လာမည့်သတင်းပေါ်လုံးဝမူတည်နေမယ်ဆိုရင် သင် မခန့်မှန်း နိုင်တဲ့အခါ အသုံးဝင်လှပါတယ်။

    အခြားသော နည်းလမ်းများ Trailing Stop, One-Triggers-the-Other, Good for the Day (GFD), Good 'Till Cancelled (GTC) စသည်ဖြင့်ရှိနေသေး သော်လည်း အသုံးဝင်မှု နည်းပါးသည်ဟု ယူဆသောကြောင့် မဖေါ်ပြတော့ပါ။

Picture


အခုတလော ချမ်းချမ်းနေလို့ အော်ဒါမှာလိုက်တာလေ.............
စူပါ ကော်ဖီမစ်စ် ပူပူ hot hot လေးကို...............

၎) လေ့ကျင်!့  လေ့ကျင်!့  လေ့ကျင့်!

    အွန်လိုင်း ငွေကြေး အရောင်းအဝယ် လုပ်ငန်းကို သင်တန်းတက်ပြီးဖြစ်စေ၊ မိမိဘာသာလေ့လာပြီးဖြစ်စေ ပြည်စုံစွာလေ့လာပြီးရင်တော့ သင်ပထမဆုံးလုပ်ရမယ့် အလုပ်က စနစ်တကျ စီမံကိန်း ရေးဆွဲပြီး တကယ့်အချိန်နဲ့အမျှ အတက်အကျဖြစ်ပေါ်နေတဲ့ ငွေကြေးဈေးကွက် ထဲမှာ တကယ်သင့်ရဲ့ငွေ အကုန်အကျမရှိသေးဘဲ မိမိကိုယ်ယုံကြည်မှု ရှိလာသည်အထိ အချိန်ယူကာ လေ့ကျင့်သွားဘို့ဖြစ်ပါတယ်။
    လူတယောက်နဲ့တယောက်ဟာ စိတ်နေစိတ်ထား၊ စိတ်ရှည်မှု၊ စွန့်စားလိုမှု၊ အကျိုးအမြတ်ရလိုမှု၊ အဆုံးရှုံးခံနိုင်မှု၊ အချိန်ပေးနိုင်မှု စတာတွေ ဘယ်လိုမှ မတူညီနိုင်တဲ့ အတွက် မိမိကိုယ်တိုင်တည်ဆောက်ပြီးဖြစ်စေ၊ တခြားသူတည်ဆောက်ထားတာကိုဖြစ်စေ အဲဒီရောင်း၊ဝယ်ရေး ဖေါ်မြူလာတွေကို တကယ့်ဈေးကွက်ထဲမှာ အကုန်အကျမရှိဘဲ လေ့ကျင့်ပြီး မိမိနဲ့အသင့်တော်ဆုံး ရောင်းဝယ်ရေးနည်းလမ်းကို အတည်ပြု ရယူသွားရမှာ ဖြစ်ပါတယ်၊ ၃ လခန့်လေ့ကျင့်ဘို့ အကြံပြုပါတယ်။

    တခြားအကြံပြုချင်တာတခုကတော့ ဒီလုပ်ငန်းဟာ သင့်ရဲ့ ဘဝတာနေထိုင်မှုကို တာဝန်ယူသွားနိုင်သလို စနစ်တကျနဲ့ အချိန်ယူရောင်းဝယ်ပြီး လူချမ်းသာတယောက်လဲ ဖြစ်စေနိုင်ပါတယ်၊ ဒါပေမယ့် လောဘကြီးမယ်ဆိုရင်တော့ ကုန်သွယ်ခြင်းကိုလုပ်နေတဲ့ တကယ့်ငွေကြေးကုန်သည်တယောက်နဲ့ မတူတော့ဘဲ လောင်းကစားလုပ်တာနဲ့ တူသွားနိုင်တာပါပဲ။ 
ဒါကြောင့် ကုန်သည်တယောက်ရဲ့အမူအကျင့်တွေနဲ့ ကုန်သည်တယောက်ရဲ့ စိတ်မျိုးထားပြီး ငွေကြေးကုန်သည်တယောက် ဖြစ်လာအောင် မိမိကိုယ်ကို ပျိုးထောင်ဘို့ အကြံပေးပါရစေ။

Picture





သားသားကတော့ အောင်မြင်တဲ့ထိ တကယ်လေ့ကျင့်မှာဗျ...........
ကိုကို၊ မမ တို့လို အင်မဟုတ်ဘူး.........
 
 
 
 
 
 
အောက်ဖော်ပြပါ  ကိုဗွီနိုင် ဘလော့(ဂ်)မှ ကူးယူဖော်ပြပါသည်။
http://myanmarforextradingeducation.com